နှစ် ၃၀ ဝန်းကျင်ကြာ အထိုင်ချထားသည့် ကုန်းကြမ်းဒေသမှ ခလရ ၁၂၅ တပ်ရင်းတစ်ရင်းလုံး မဟာမိတ်တပ်များထံ အလင်းဝင်

နှစ် ၃၀ ဝန်းကျင်ကြာ အထိုင်ချထားသည့် ကုန်းကြမ်းဒေသမှ ခလရ ၁၂၅ တပ်ရင်းတစ်ရင်းလုံး မဟာမိတ်တပ်များထံ အလင်းဝင်
နိုဝင်ဘာ 29, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်းကြမ်းဒေသရှိ စစ်ကောင်စီတပ်၏ နှစ်(၃၀)ဝန်းကျင်ကြာ အထိုင်ချထားသည့် ‌အမှတ်(၁၂၅)ခြေလျင်တပ်ရင်းတစ်ရင်းလုံးမှ တပ်ရင်းမှူးအပါအဝင် လူဦးရေ(၂၇၂)ဦးသည် မဟာမိတ်တပ်များထံ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ် ခလရ(၁၂၅)တပ်ရင်းသည် ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၂၈)ရက်နေ့တွင် အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ညီနောင်မဟာမိတ်(၃)ဖွဲ့ထုတ်ပြန်ထားသည့် မူဝါဒအတိုင်း လုပ်ဆောင်ပေးသွားမည်ဖြစ်သည်ဟု MNDAAပြောခွင့်ရ လီကျာဝင်းက Tachileik News Agency ကိုပြောသည်။

“အရာရှိဘယ်လောက်ပါလဲဆိုတာကတော့ အသေးစိတ်မသိရသေးဘူး။ ဒါပေမယ့် အတည်ပြုလို့ရတာကတော့ (၁၂၅)တပ်ရင်းမှူးတော့ ပါပါတယ်ဗျ။ အခုကုန်းကြမ်းစခန်းကြီးကို သိမ်းပိုက်လိုက်တာက ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့တော့ သမိုင်ဝင်တဲ့ အောင်မြင်မှုတစ်ခုလို့ပြောလို့ရပါတယ်ဗျ။ ကွမ်းလုံလိုမျိုးပေါ့။”ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်သည် ၁၉၆၀ ကျော်ကတည်းကပင် ကုန်းကြမ်းဖက်ကို ထိုးဖောက်နေရာယူခဲ့ကာ ၁၉၉၂ ခုနှစ်တွင် ကုန်းကြမ်းစခန်းကို ခိုင်ခိုင်မာမာတည်ဆောက်ခဲ့ပြီး ၁၉၉၂ ခုနှစ်နောက်ပိုင်းတွင် ကိုးကန့်ဒေသတိုက်ပွဲများ ပြင်းထန်ခဲ့သော်လည်း စခန်းကုန်းကို ထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်။

“အခု ကုန်းကြမ်းဒေသပေါ့။ ကျွန်တော်တို့အခေါ် ရှင်းဝမ်ဒေသမှာတော့ စစ်ကောင်စီတပ်စခန်းတွေ မရှိတော့ပါဘူးဗျ။ ကျွန်တော်တို့ အလုံးစုံ ထိန်းချုပ်ထားနိုင်ပါပြီ။”ဟု လီကျာဝင်းက ဆက်ပြောသည်။

ခလရ(၁၂၅)သည် တပ်ရင်းလိုက် လက်နက်ချသည့် ဒုတိယမြောက်တပ်ရင်းဖြစ်လာပြီး ပြီးခဲ့သည့် နိုဝင်ဘာလ (၁၂)ရက်နေ့ကလည်း လောက်ကိုင်အခြေစိုက် ခလရ(၁၂၉)တပ်ရင်းမှ တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် (၁၂၇)ဦး လက်နက်ချ အလင်းဝင်ခဲ့သည်။

မဟာမိတ်တပ်များသည် စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်စခန်းပေါင်း(၂၂၆)ခု၊ သံချပ်ကာယာဉ်(၁၅)စီး ဝန်းကျင်၊ ဟောင်ဝစ်ဇာအမြောက်(၅)လက်၊ အတွဲလိုက်ဒုံးတင်ယာဉ်(၃)စီး ၊ လေယာဉ်ပစ်စက်သေနတ်ကြီးများနှင့် လက်နက်မျိုးစုံ အများအပြားကို သိမ်းပိုက်ရရှိထားသည်။

#TachileikNewsAgency