မနမှော်ရှိ ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှု ယနေ့နေ့လည်ပိုင်းထိ ၁၈ လောင်းပြန်တွေ့ထား

မနမှော်ရှိ ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှု ယနေ့နေ့လည်ပိုင်းထိ ၁၈ လောင်းပြန်တွေ့ထား

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ၊ အေးမြသာယာအုပ်စု မနမှော်ရှိ ကျောက်စိမ်းလုပ်ကွက်ကမ်းပါးပြိုကျကာ ပျောက်ဆုံးနေသူများအနက် (၁၈)ဦးအလောင်းကို ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၅)ရက်နေ့ ညနေ(၃)နာရီအထိ ရှာဖွေတွေ့ရှိထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(ဖားကန့်)ထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ(၁၃)ရက်နေ့ နေ့လယ်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ဥရုဆိုင်းမှော်ရွာရှိ လပ်ကီးဝမ်းကုမ္ပဏီလုပ်ကွက်ဟောင်းရှိ ကျောက်စိမ်းတောင်ကုမ္ပဏီမှစွန့်ပစ်ထားသော မြေစာပုံပြိုကျမူကြောင့် ကျောက်စိမ်းရှာဖွေနေသူ (၃၇)ဦးသည် မြေစာနှင့်အတူပါသွားပြီး ရေလှိုင်းရိုက်ကာ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြေပြင်မှာ လက်ရှိအချိန်ထိတော့ အလောင်းကတော့ (၁၈)လောင်းရထားပါပြီ။ အခုနေ့လည်(၃)နာရီအထိရရှိထားတဲ့စာရင်းပေါ့နော်။ ညနေ(၅)နာရီမှာတော့ ဒီနေ့အတွက် ရှာဖွေမှုကို ခေတ္တရပ်နားမှာပါ။ မိုးရွာတာများရင် အန္တရာယ်များလို့ပါ။ မိုးရွာတဲ့အချိန်တော့ ခဏနားတာပေါ့နော်။ အခုမိုးတိတ်သွားတော့ ပြန်ရှာနေတာပေါ့။”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(ဖားကန့်)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

လက်ရှိ ပျောက်ဆုံးနေသူများမှာ လောပန်း ယောဇုံး၏ ကျင်းသား (၁၀)ဦး၊ လောပန်း ကျော်စိုးမိုး (နန့်မဖြစ်)၏ ကျင်းသား(၈)ဦး၊ လောပန်း အောင်နိုင်ဦး၏ ကျင်းသား(၅)ဦး၊ လောပန်း ဒေးဗစ်နှင့် အားနီ တို့၏ ကျင်းသား (၃)ဦးအပြင် တခြားလောပန်များ၏ ကျင်းသားများစွာ ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo : CJ