တော်လှန်ရေးအဖွဲ့များ အမြန်ဆုံးဟန်ချက်ညီတိုက်ပွဲဝင်ကြရန် မဟာမိတ်တပ်များကတိုက်တွန်း၊ စစ်အာဏာရှင်စနစ် မုချဧကန် ကျရှုံးမည်ဟုဆို

တော်လှန်ရေးအဖွဲ့များ အမြန်ဆုံးဟန်ချက်ညီတိုက်ပွဲဝင်ကြရန် မဟာမိတ်တပ်များကတိုက်တွန်း၊ စစ်အာဏာရှင်စနစ် မုချဧကန် ကျရှုံးမည်ဟုဆို
နိုဝင်ဘာ 13, 2023 | 2021 Military Coup| ရှမ်းမြောက်

၁၀၂၇ စစ်ဆင်ရေးအခြေအနေနှင့် ရလဒ်များကို စောင့်ကြည့်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများ အမြန်ဆုံးဟန်ချက်ညီတိုက်ပွဲဝင်ကြရန် မဟာမိတ်တပ်များက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့တွင် ထပ်မံတိုက်တွန်းလိုက်သည်။

၁၀၂၇ စစ်ဆင်ရေး၏ အခြေအနေ၊ ရလဒ်များကို စောင့်ကြည့်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း ယခုအချိန်ကာလသည် အချိန်သင့်၊ အခွင့်အခါသင့်သော ကာလဖြစ်သဖြင့် စစ်ဆင်ရေးနှင့်အတူ အမြန်ဆုံး ဟန်ချက်ညီတိုက်ပွဲဝင်ကြရန် အထူးအလေးအနက် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် မဟာဗျူဟာမြောက် ဟန်ချက်ညီတိုက်ပွဲများကို ယခုအချိန်မှစ၍ ဖော်ဆောင်နိုင်ခဲ့မည်ဆိုပါက အားလုံးမျှော်မှန်းထားသော စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များနှင့်အတူ တစ်နိုင်ငံလုံးမှ ပြည်သူတစ်ရပ်လုံး မျှော်လင့်နေသော မျှော်မှန်းချက်များ အမြန်ဆုံး မုချအကောင်အထည်ပေါ်လာကာ စစ်အာဏာရှင်စနစ်လည်း မုချဧကန် ကျရှုံးမည်ဖြစ်သည်ဟု တိုက်တွန်းထားသည်။  

လက်ရှိတွင် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ကချင်ပြည်၊ ကရင်နီပြည်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း အပါအဝင် အခြားသောနေရာများ၌လည်း စစ်ဆင်ရေးများ ဖော်ဆောင်နေပြီဖြစ်သည်။

ထို့ကြောင့် စစ်ဆင်ရေးထဲ မပါဝင်ရသေးသော အခြားသော တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီလိုက်လျောညီထွေစွာ အမြန်ဆုံးဆက်စပ်တိုက်ပွဲဝင်နိုင်ကြရန် လိုအပ်နေသည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency