မြောက်ဦးမြို့ကို ရက္ခိုင့်တပ်တော် သိမ်းပိုက်

မြောက်ဦးမြို့ကို ရက္ခိုင့်တပ်တော် သိမ်းပိုက်
ဖေဖော်ဝါရီ 9, 2024 | 2021 Military Coup| အခြားဒေသများ

 ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မြောက်ဦးမြို့ရှိ စစ်ကောင်စီတပ်၏ လက်ကျန် ရဲတပ်ရင်း (၃၁)ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် ရက္ခိုင့်တပ်‌တော်က အပြီးသတ် ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့သည်ဟု ညီနောင်မဟာမိတ် (၃)ဖွဲ့က သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ မြောက်ဦးအခြေစိုက် ခမရ (၅၄၀)၊ ခမရ (၃၇၇)နှင့် ခမရ (၃၇၈)တပ်ရင်းများကို ရက္ခိုင့်တပ်တော်က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ခမရ (၅၄၀) တပ်  ရင်းကို ဇန်နဝါရီလ(၃၀)ရက်၊ ခမရ(၃၇၈)ကို ဖေဖော်ဝါရီလ (၅)ရက် နှင့် ခမရ(၃၇၇)ကို ဖေဖော်ဝါရီ(၇)ရက်တို့တွင် ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတပ်စခန်းများ မတိုင်မီ ရက္ခိုင့်တပ်တော်သည် မြောက်ဦးခရိုင်ရဲစခန်း၊ သင်းကျစ်တော်တောင်စခန်းများကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ 

 ထိုစစ်ကောင်စီတပ်ရင်းများသည် ရခိုင်အမွေအနှစ်များကို နှစ်ရှည်လများ ခိုးယူလုယက်ပြီး လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ဖျက်ဆီးနေသည့် တပ်ရင်းများဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။