လောက်ကိုင်မြို့အနီး စစ်ဘေးရှောင်များကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်သဖြင့် ၁၀ ဦးသေဆုံး

လောက်ကိုင်မြို့အနီး စစ်ဘေးရှောင်များကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်သဖြင့် ၁၀ ဦးသေဆုံး
နိုဝင်ဘာ 12, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့အထွက်၌ စစ်ဘေးရှောင်များအား ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား (၁၀)ဦး သေဆုံးခဲ့ရကြောင်း မဟာမိတ်တပ်များက သတင်းထုတ်ပြန်သည်။

လောက်ကိုင်မြို့အထွက် ရှီရင်ကျိကျေးရွာကြား တာရွှေကမ်ပနေရာအနီးတွင် စစ်ဘေးရှောင်လာကြသော အရပ်သားများအား စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ရပ်သည် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ နောက်ထပ်ကျူးလွန်လိုက်သည့် စစ်ရာဇဝတ်မှု တစ်ခုဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် ညီနောင်မဟာမိတ် (၃)ဖွဲ့သည် ချင်းရွှေဟော်၊ ပန်ဆိုင်း (ကြူကုတ်)၊ ဖောင်းဆိုင်၊ သိန္နီနှင့် နမ့်ခမ်းမြို့များရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့များ၊ ပြည်သူ့စစ်များကို တစ်ယောက်မကျန် တိုက်ထုတ်နိုင်ခဲ့ပြီး မြို့များကို ထိန်းချုပ်ကာ ၎င်းတို့၏ အုပ်ချုပ်ရေးများဖြင့် အစားထိုးနေပြီဟု သိရသည်။

ယနေ့တွင်လည်း ကွမ်းလုံရှိ စစ်ကောင်စီ၏ တပ်စခန်း၊ ဌာနများအားလုံးကို အပြီးသတ်ရှင်းလင်းနိုင်ခဲ့ပြီး ကွမ်းလုံမြို့အား သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း MNDAAက ထုတ်ပြန်သည်။

စစ်ကောင်စီက ယနေ့ ညပိုင်းတွင် မဟာမိတ်တပ်များထိန်းချုပ်ထားသည့် မြို့နယ်များပါဝင်သော ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန္နီ၊ လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာသည်။

#TachileikNewsAgency