ကျောက်မဲတွင် COVID-19 သံသယလူနာများအား သီးသန့်ထားရှိရန် ဆေးရုံဝန်းအတွင်းရှိ ကုသဆောင်အဟောင်းကို ဝိုင်းဝန်းကူညီလှူဒါန်းမှုဖြင့် ပြင်ဆင်နေ

ကျောက်မဲတွင် COVID-19 သံသယလူနာများအား သီးသန့်ထားရှိရန် ဆေးရုံဝန်းအတွင်းရှိ ကုသဆောင်အဟောင်းကို ဝိုင်းဝန်းကူညီလှူဒါန်းမှုဖြင့် ပြင်ဆင်နေ
မတ် 22, 2020
By Tachileik News Agency
ကျောက်မဲတွင် COVID-19 သံသယလူနာများအား သီးသန့်ထားရှိရန် ဆေးရုံဝန်းအတွင်းရှိ ကုသဆောင်အဟောင်းကို ဝိုင်းဝန်းကူညီလှူဒါန်းမှုဖြင့် ပြင်ဆင်နေ

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ် (Covid-19) သံသယလူနာများအား သီးသန့်ခွဲ၍ ကုသနိုင်ရန် ကျောက်မဲပြည်သူ့ဆေးရုံဝန်းအတွင်းရှိ တီဘီရောဂါ ကုသဆောင်အဟောင်းကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့မှစ၍ ဒေသတွင်းလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများအကူအညီဖြင့် ပြုပြင်နေပြီ ဖြစ်ကြောင်း သိရသည်။

“Covid-19 ရောဂါနဲ့ပတ်သက်ပြီးတော့ တကယ်လို့သံသယလူနာရှိလာရင် ဘယ်လိုတွေလုပ်ဆောင်ရမယ် ဆိုတာ မတ်လထဲမှာပဲ မြို့နယ်ထွေ/အုပ်ရုံးမှာ အစည်းဝေးလုပ်ထားပြီးပါပြီ။ ခရိုင်ပြည်သူ့ဆေးရုံမှာ အခုပြင်ထားတဲ့ သီးသန့်လူနာခန်းကလည်း ခေါင်မိုးတွေ သိပ်မကောင်းတာရယ် ဖျားနာဆောင်နဲ့ နီးကပ်နေတာရယ် အခန်းကကျဉ်းနေတာရယ်ဆိုတော့ အဆင်မပြေဘူး။ ဒါတွေကြောင့် အသုံးမပြုဘဲ ပစ်ထားတာကြာပြီဖြစ်တဲ့ ( တီဘီရောဂါသည်တွေအတွက် သီးသန့်လုပ်ထားတဲ့) အဆောင်ဟောင်းကို ပြန်ပြင်ပြီးသုံးဖို့ စီစဉ်နေတာပါ။ ဆေးရုံရဲ့ ဘက်ဂျက်နဲ့ပြင်တာမဟုတ်ပဲ မြို့မိမြို့ဖတွေနဲ့ လုပ်ငန်းရှင်တွေဝိုင်းဝန်းပြီးလုပ်ဆောင်ကြတာပါ ” ဟု ကျောက်မဲခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ နန်းရီလှိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ (၂၂) ရက်နေ့တွင် ပြောသည်။

ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံကြီးဝန်းအတွင်းရှိ အသုံးမပြုတော့သည့် တီဘီရောဂါကုသဆောင်ဟောင်းမှ အခန်း(၂)ခန်းကို မတ်လ (၂၁) ရက်နေ့ ညနေပိုင်းမှစ၍ ပြင်ဆင်နေကြခြင်းဖြစ်သည်ဟု သိရသည်။

“ပြင်တာကတော့ မြို့မိမြို့ဖတွေ၊ လုပ်ငန်းရှင်တွေက ဝိုင်းဝန်းလှူဒါန်းကြတဲ့ငွေတွေနဲ့ ပြင်တာပါ။ လောလောဆယ် (၂)ခန်း ပြင်နေတယ်။ နောက်ထပ် (၂) ခန်းလည်း ထပ်ပြီးပြင်နိုင်ဖို့ လျာထားတယ်။ အလှူငွေရရှိတဲ့ပေါ် မူတည်ပြီးတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ပြင်ဆင်နေပါတယ် ” ဟု သီးသန့်လူနာခန်း ပြင်ဆင်ရာတွင် ပါဝင်လုပ်ဆောင်နေသူ ကိုသားဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိ ပြင်ဆင်နေသည့် အခန်း (၂) ခန်းတွင် ကုတင် (၁၄)လုံးဆံ့အဖြစ် အသုံးပြုနိုင်မည်ဖြစ်ပြီး သံသယလူနာ စောင့်ကြည့်ခန်းအတွက် လိုအပ်မည့် အသုံးအဆောင်ပစ္စည်းများကိုလည်း ဖြည့်တင်းထားမည်ဖြစ်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူထံမှ သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~