တော်လှန်ရေးအလွန်တွင် စုပေါင်းခေါင်းဆောင်မှုနှင့် အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းမည်၊ နိုင်ငံရေးဦးတည်ချက် (၆)ရပ်အား စစ်ကောင်စီလက်ခံလျှင် စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးမည်ဟုဆို

တော်လှန်ရေးအလွန်တွင် စုပေါင်းခေါင်းဆောင်မှုနှင့် အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းမည်၊ နိုင်ငံရေးဦးတည်ချက် (၆)ရပ်အား စစ်ကောင်စီလက်ခံလျှင် စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးမည်ဟုဆို
ဇန်နဝါရီ 31, 2024 | 2021 Military Coup

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်ကို သက်ဆိုင်ရာအဖွဲ့အစည်းများက ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့တွင် ထုတ်ပြန်လာသည်။

ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိသော ပြည်နယ်များဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်ဟုပါရှိပြီး စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်လည်းပါဝင်သည်။

လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်လည်းပါဝင်သည်။

သက်ဆိုင်သူများအားလုံးလက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်၊ ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်အား တည်ဆောက်ရန်၊ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ် ဖော်ဆောင်ရန်လည်း ပါဝင်သည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တရားမဝင်တော့ကြောင်း၊  ၂၀၂၀ရွေးကောက်ပွဲရလဒ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရှိ နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ရန်မဟုတ်ဘဲ တော်လှန်ရေးအောင်မြင်ရေးနှင့် စနစ်ပြောင်းနိုင်ငံရေး တည်ဆောက်မှုအတွက် အသုံးချရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

တော်လှန်ရေးအလွန်ကာလ နိုင်ငံရေးဦးဆောင်မှုသည် အာဏာရှင်စနစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သော သက်ဆိုင်သည့် နိုင်ငံရေးအစုအဖွဲ့များ၏ စုပေါင်းပါဝင်ဦးဆောင်မှုဖြင့် နိုင်ငံသစ်တည်ဆောက်သွားရန်ဖြစ်ပြီး ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းခြင်းသည် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်နိုင်မည်မဟုတ်သည့်အပြင် အာဏာသိမ်းမှု တရားဝင်ဖြစ်စေပြီး မြန်မာစစ်တပ်ကို ကာလအကန့်အသတ်မရှိ အုပ်ချုပ်ခွင့်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်တပ်သည် အနာဂတ် နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့်မရှိစေရအချက်လည်းပါဝင်ပြီး နိုင်ငံရေးအခွင့်ထူးခံများ အချင်းချင်းအကြား ပြုလုပ်သည့် အာဏာခွဲဝေမှုကို လက်ခံမည်မဟုတ်ကြောင်းနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်းနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့၏ မြန်မာနိုင်ငံဆိုင်ရာအဖြေရှာမှု လုပ်ငန်းစဉ်များတွင် ညှိနှိုင်းပူးပေါင်း ပါဝင်သွားမည်ဟုဆိုသည်။

ဒေသအတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုဦးတည်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်သွားမည်ဖြစ်ကာ စစ်ကောင်စီ/မြန်မာစစ်တပ်အား စစ်ရေး၊ နိုင်ငံရေး (ပြည်တွင်း/ပြည်ပ) ဖိအားပေးခြင်း၊ မြန်မာစစ်တပ်တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးဦးတည်ချက် (၆)ရပ်အားလက်ခံလာလျှင် စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးမည်ဟုလည်းထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းမှုအဆုံးသတ်၍ စစ်ကောင်စီ(သို့)မြန်မာစစ်တပ် ကျောထောက်နောက်ခံ အုပ်ချုပ်ရေးအဖွဲ့အား အပြီးသတ်ဖယ်ရှားပြီးနောက် ဖက်ဒရယ်အဆင့်အတွက် အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG)နှင့် အသွင်ကူးပြောင်းရေးကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် အစိုးရများဖွဲ့စည်းပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပြန်လည်တည်ဆောက်မည်ဟု သိရသည်။

အာဏာရှင်စနစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သော သက်ဆိုင်သည့် နိုင်ငံရေးအစုအဖွဲ့များပါဝင်၍ အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းကာ တော်လှန်ရေးအလွန်တွင် တော်လှန်ရေးအင်အားစုများမှ ပါဝင်သင့်သူများပါဝင်၍  စုပေါင်းခေါင်းဆောင်မှုနှင့် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ(T-NUG)ကိုဖွဲ့စည်းမည်ဟု ဆိုသည်။

ဖက်ဒရယ်ယူနစ်အစိုးရများကို သက်ဆိုင်ရာ ပြည်နယ်/ဖက်ဒရယ်ယူနစ်အလိုက် လွတ်လပ်စွာ ဖွဲ့စည်းနိုင်ပြီး သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖေါ်ဆောင်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးချမှတ်မည်ဟု သိရသည်။

ပြည်နယ်/ဖက်ဒရယ်ယူနစ်များ သတ်မှတ်ဖွဲ့စည်းရေးနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ နယ်နိမိတ်ပိုင်းခြား သတ်မှတ်ရေးကိစ္စကို အသွင်ကူးပြောင်းရေးကာလ ရောက်ရှိသည့်အခါ အဓိကသက်ဆိုင်သူအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများတွင် ငြိမ်းချမ်းစွာညှိနှိုင်း ဆောင်ရွက်ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်အား တည်ဆောက် အကောင်အထည်ဖေါ် ခြင်းများ ဆက်လက်လုပ်ဆောင်မည်ဟု သိရသည်။

#TachileikNewsAgency

Photo: National Unity Government of Myanmar