မင်္ဂလာဒုံစစ်ဆေးရုံ လုံခြုံရေးဂိတ် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရ

မင်္ဂလာဒုံစစ်ဆေးရုံ လုံခြုံရေးဂိတ် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရ
ဖေဖော်ဝါရီ 26, 2024 | 2021 Military Coup| အခြားဒေသများ

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ရှိ ကုတင်(၁၀၀၀)ဆံ့ စစ်ဆေးရုံလုံခြုံရေးဂိတ်ကို မြို့ပြပြောက်ကျားတပ်ဖွဲ့က ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၆)ရက်နေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Dark Shadow အမည်ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိ၊ မရှိကို မသိရသေးဟုလည်း ဆိုသည်။

အဆိုပါစစ်ဆေးရုံတွင် ရှေ့တန်းပြန် ဒဏ်ရာရစစ်ကောင်စီတပ်သားများကို ဆေးကုသပေးနေပြီး နောက်ထပ်ပစ်မှတ်များကိုလည်း ဆက်လက် တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီနှင့်ပတ်သတ်သော နေရာများ၊ စစ်ကောင်စီမှ ရဲ၊ စစ်သားနှင့် ပျူစောထီးများ၊ အရပ်ဝတ်စစ်သားများ စုဝေးရာနေရာများသို့ မသွားကြရန်နှင့် အဝေးမှရှောင်ရှားသွားလာပေးကြရန်လည်း Dark Shadowတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

အဆိုပါအဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၁)ရက်နေ့ကလည်း  လှိုင်သာယာ အရှေ့ပိုင်း၊  တပင်ရွှေထီးလမ်း ရွှေညောင်ပင်မှတ်တိုင်အနီးရှိ စစ်ကောင်စီတပ်သားများ စုဝေးရာ Xi Yan တရုတ်စားသောက်ဆိုင်ကို GOD အဖွဲ့နှင့်ပူးပေါင်း၍ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency