TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲခြင်းကြောင့် နေအိမ် ၁၀ လုံးပျက်စီး

TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲခြင်းကြောင့် နေအိမ် ၁၀ လုံးပျက်စီး

မန္တလေးတိုင်း မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်တို့တွင် တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့တွင် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း TNLAထံမှ သိရသည်။

နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီတပ် စကခ(၇)၊ ခမရ(၄၂၇)တို့သည် ပန်ဟန်ကြီးကျေးရွာမှ TNLAရှိရာသို့ ထိုးစစ်ဆင်လာရာ စယ်နေကျေးရွာနှင့် ဖာပြန်ရွာအကြား၌ နံနက်ပိုင်းမှ ညနေ(၄)နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ထံမှ အလောင်းတစ်လောင်း၊ လက်ထောက်(၁)လက်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။



 

ထို့အပြင် မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ် တပ်မ(၄၄)၊ ခလရ (၁၀၂)၊(၁၀၄)၊ လပခ/ခလရ(၈၈)တို့နှင့် TNLAတို့ အထက်ညောင်ကုန်းရွာအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ညနေပိုင်းတွင် စစ်ကောင်စီတပ်သည် အောက်ညောင်ကုန်းရွာမှ TNLAရှိရာသို့ ထပ် မံထိုးစစ်ဆင်လာခြင်းကြောင့် အထက်ညောင်ကုန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။

 

မိုးကုတ်မြို့နယ်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိအပါအဝင် ထိခိုက်ကျဆုံးမှုများပြားခဲ့သည်ဟု TNLA ကထုတ်ပြန်ထားသည်။

အထိနာသည့် စစ်ကောင်စီတပ်သည် ဖြူရောင်မှနေ၍ တိုက်ပွဲဖြစ်ပွားရာ အထက်ညောင်ကုန်းရွာသို့ လက်နက်ကြီးဖြင့် (၃၆)ကြိမ်၊ မူဆယ်မြို့နယ် တီမားရွာအနီးနှင့် လွယ်မောက်တောင်သို့ နမ့်ဖက်ကာတပ်မှ လက်နက်ကြီးဖြင့် (၅)ကြိမ် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် တိုက်လေယာဉ် (၂)စီးဖြင့် ဗုံး(၈)လုံး လာရောက်ကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အထက်ညောင်ကုန်းကျေးရွာရှိ ဒေသခံနေအိမ် (၁၀)လုံးထက်မနည်း မီးလောင်ပျက်စီးသွားခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : News & Information Department