ချောက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်

ချောက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်

မကွေးတိုင်း ချောက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၀)ရက်နေ့မှစတင်ကာ ဒီဇင်ဘာလ (၁)ရက်နေ့အထိ တိုက်ပွဲဖြစ်ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ နိုဝင်ဘာလ (၂၀)ရက်နေ့ကစတင်ကာ စစ်ကောင်စီတပ်၏ ခလရ (၁၃)၊ ခလရ (၇၇)နှင့် ဝါဇီတပ်မှ စစ်ကောင်စီ ပူးပေါင်းအင်အား (၅၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာရာက တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်နှင့် နိုဝင်ဘာလ (၂၀)ရက်နေ့မှ ဒီဇင်ဘာလ (၁)ရက်နေ့အထိ တိုက်ပွဲ(၃)ကြိမ်ဖြစ်ပွားခဲ့ပြီး ကား(၃)စီးပါ စစ်ကောင်စီယာဉ်တန်းအား ပဒေသာမိုင်းဖြင့်တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိကြီး တစ်ဦးအပါအဝင် (၁၈)ဦး သေဆုံးပြီး (၇)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ မကွေးခရိုင်အမှတ်(၂)တပ်ရင်းမှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံး၏ ယနေ့ ဒီဇင်ဘာလ(၆)ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

လက်ရှိအချိန်ထိ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်နိုင်သဖြင့် ချောက်မြို့နယ်အတွင်း ကျေးရွာ(၃)ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကာ ဒေသခံတချို့ကိုလည်း စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

တိုက်ခိုက်မှုကို မကွေးခရိုင် အမှတ်(၂)တပ်ရင်း၊ ချောက် ပကဖ၊ Chauk Guerrilla Force(CGF)၊ ငါးပြေမ ပြောက်ကျားတပ်ဖွဲ့၊ Chauk Revolution Army-ရေနံမြေအဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency