ဒီပဲယင်းမြို့နယ် ဝပါကျေးရွာကို စစ်ကောင်စီတပ် ဒုတိယအကြိမ်မီးရှို့

ဒီပဲယင်းမြို့နယ် ဝပါကျေးရွာကို စစ်ကောင်စီတပ် ဒုတိယအကြိမ်မီးရှို့
အောက်တိုဘာ 21, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ဝပါကျေးရွာအား စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့တွင် ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဒီပဲယင်းမြို့မှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် တောကျောင်းရွာမှတဆင့် မှန်သာကျေးရွာ ယင်းမှတဆင့် အိမ်ခြေ(၁၉၀)ဝန်းကျင်ရှိ ဝပါကျေးရွာကို ဝင်ရောက်လာပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များထံမှ သိရသည်။

ဝပါကျေးရွာကို စစ်ကောင်စီတပ်များက ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ်(၆၇)လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး ယခုတစ်ကြိမ်တွင် နေအိမ်မည်မျှ ပျက်စီးသည်ကိုမူ မသိရသေးပါ။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ဝပါကျေးရွာကို မီးရှို့ဖျက်ဆီးသွားပြီးနောက် မှန်သာကျေးရွာ ဘင်တဲသို့ ရောက်ရှိနေသည်ဟုလည်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကြောင့် အင်းတန်း၊ တောကျောင်း‌၊ ငြိမ်းချမ်းရွာသစ်၊ မဲသည်၊ ဝပါ၊ မှန်သာ၊ သပြေသာ၊ ယင်းတွေ၊လက်တီးကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ဒီပဲယင်းမြို့အနီး ကျေးရွာများမှ ဒေသခံများ စစ်ရှောင်နေရသည်မှာ (၃)ရက်ရှိပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency