ကောလင်းမြို့ အရှေ့ခြမ်းကို စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်က ပကဖ(၉)ဦးနှင့် အရပ်သား(၂)ဦးကို သတ်ဖြတ်ပြီး (၄)ဦးပျောက်ဆုံးနေ

ကောလင်းမြို့ အရှေ့ခြမ်းကို စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်က ပကဖ(၉)ဦးနှင့် အရပ်သား(၂)ဦးကို သတ်ဖြတ်ပြီး (၄)ဦးပျောက်ဆုံးနေ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ အရှေ့ခြမ်းကျေးရွာများကို (၁၀)ရက်ကြာ စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၉)ဦးနှင့် အရပ်သား(၂)ဦးကို သတ်ဖြတ်သွားကာ အရပ်သား(၄)ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ မေလ(၂၆)ရက်နေ့ကစတင်ကာ ကောလင်းမြို့ထဲမှ စစ်ကောင်စီတပ်၏ ခမရ(၃၆၉)မှ အင်အား(၇၀)ကျော်ဖြင့် ဇွန်လ(၄)ရက်နေ့အထိ စစ်ကြောင်းထိုးလာရာက ဒေသကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများ ဆက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မေလ(၂၉)ရက်နေ့တွင် ကျောက်တန်းရွာကိုဝင်လာရာ ကသာမြို့သို့သွားမည့် ညောင်ကုန်းရွာသား ခရီးသွား ကိုသန်းထိုက်ဆိုသူဖမ်းခံရပြီး ကျောက်တန်းအနီး၌ ပစ်သတ်ခံထားရသည့်အပြင် မေလ(၃၀) ရက်နေ့တွင်လည်း စစ်ကောင်စီတပ်များသည် မုတ်ဝနှင့် ချပ်ကုန်းရွာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(၈)ဦးကို အိမ်တစ်အိမ်တည်း၌ ပုန်းနေစဉ် ဖမ်းဆီး၍ သတ်ဖြတ်သွားကြောင်း သိရသည်။

"ပုန်းနေတဲ့အိမ်ထဲမှာဖမ်းခံရတာ။ စကားပြောစက်တွေ ဖြတ်နား ထောင်တယ်ထင်တယ်။ အတိအကျလာဝိုင်းတာ။ ဖမ်းခံရတဲ့ ပကဖ (၈)ဦးကို ပေကုန်းရွာအနောက်ဘုရား(၂)ဆူတောင်မှာ သတ်ခံထားရတာကို ဇွန်လ(၅)ရက်နေ့မှာ ပြန်တွေ့လို့ သင်္ဂြိလ်လိုက်ပြီ။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကို ဇွန်လ(၇)ရက်နေ့တွင် ပြောသည်။

ထို့အပြင် မေလ(၃၁)ရက်နေ့တွင် ဖမ်းဆီးခံရသည့် ဖက်ခါးကုန်းရွာသား (၄)ဦးမှာ ယနေ့အထိသတင်းမရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

ဇွန်လ(၁)ရက်နေ့တွင် စစ်ကောင်စီတပ်များသည် ဆင်ကုန်းရွာမှ ထီးချိုင့်နယ်သို့ဝင်လာချိန် ဇွန်လ(၃)ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇွန်လ(၃)ရက်နေ့တွင်ပင် စစ်ကောင်စီတပ်စစ်ကြောင်းက အင်ပင်လှရွာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို အပိုင်းပိုင်းဖြတ်တောက် သတ်ဖြတ်ခဲ့သည့်အပြင် ဒေသခံ(၁၃)ဦးကိုလည်း ဖမ်းဆီးသွားသည်ဟု သိရသည်။

ဇွန်လ(၄)ရက်နေ့တွင် အင်ပင်လှနှင့် ဥမင်ကုန်းရွာကြား ဆိုင်ကယ်စီးလာသည့် အရပ်သား ကိုကျော်သူ ဆိုသူကို စစ်ကောင်စီတပ်က ပစ်သတ်သွားသည်ဟု သိရသည်။

ယင်းနေ့တွင်ပင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ  ဥမင်ကုန်းနှင့် တောင်ပလူကြားတွင် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီ၏ ဝန်းသိုအမြောက်တပ်မှ (၁၂၀)မမ (၁၅)ချက်ခန့်နှင့် တိုက်လေယာဉ်(၂)စီးဖြင့် နှစ်ကြိမ်လာပစ်ခတ်ခဲ့၍ ဥမင်ကုန်းရွာ အရှေ့ဘက်တစ်မိုင်ခန့်ဝေးသည့် ချောင်းကွေ့ရွာမှ နေအိမ်(၄)လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ဇွန်လ(၅)ရက်နေ့တွင် စစ်ကောင်စီတပ်များသည် ကိုးတောင်ဘို့အထိုင်တပ်စခန်းသို့ ပြန်လည်ဝင်ရောက်သွားပြီး ဖမ်းဆီးသွားသည့် အရပ်သား(၁၃)ဦးကို ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : Kawlin Info