ယာဥ်မောင်းလိုင်စင်ဖြေဆိုမှု (၁၂) ကြိမ် ကျရှုံးခဲ့ပြီးနောက် ရုပ်ချင်းဆင်တူသူကို လူစားထိုး ဖြေခိုင်းခဲ့သည့် အမျိုးသား

ယာဥ်မောင်းလိုင်စင်ဖြေဆိုမှု (၁၂) ကြိမ် ကျရှုံးခဲ့ပြီးနောက် ရုပ်ချင်းဆင်တူသူကို လူစားထိုး ဖြေခိုင်းခဲ့သည့် အမျိုးသား
စက်တင်ဘာ 21, 2023 | နိုင်ငံတကာသတင်း
By Mr John

 ဘယ်လ်ဂျီယံနိုင်ငံတွင် နေထိုင်သူ ဂါနာနိုင်ငံသား အမျိုးသားတစ်ဦးမှာ ယာဥ်မောင်းလိုင်စင်ဖြေဆိုရာတွင် ရေးဖြေပိုင်း၌ ဆက်တိုက် ကျရှုံးခဲ့မှုကြောင့် အလွန်စိတ်ပျက်နေပြီးနောက် ၎င်းနှင့် ရုပ်ချင်းဆင်တူသူကို ငွေပေး၍ ကိုယ်စားဖြေဆိုခိုင်းခဲ့သည်။ 

Serge အမည်ရှိ ဂါနာအမျိုးသားက ဘယ်လ်ဂျီယံနိုင်ငံ Grammont (Geraardsbergen) မြို့တွင် ရွှေ့ပြောင်းနေထိုင်သူဖြစ်ပြီး ယာဥ်မောင်းလိုင်စင်အောင်ရန် တစ်နှစ်ကျော်ကြာ ရုန်းကန်ကြိုးပမ်းနေခဲ့ရသည်။



Serge က ဂါနာနိုင်ငံတွင် ယာဥ်မောင်းလိုင်စင်ရရှိထားပြီး ဖြစ်သော်လည်း ထိုလိုင်စင်ဖြင့် ဘယ်လ်ဂျီယံတွင် ယာဥ်မောင်းနှင်၍မရဘဲ လိုင်စင်စာမေးပွဲကို ဖြေဆိုရခြင်း ဖြစ်သည်။

 ဘယ်လ်ဂျီယံ ယာဥ်မောင်းလိုင်စင်ဖြေဆိုရာတွင် ရေးဖြေပိုင်းက ၎င်းကို အကြီးအကျယ် ခေါင်းကိုက်စေ၍  ယာဥ်မောင်းလိုင်စင်ကို (၁၂) ကြိမ်အထိ ဖြေဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ 

သို့သော် ဘယ်လ်ဂျီယံတွင် ယာဥ်မောင်းလိုင်စင်ရှိထားခြင်းက ၎င်းအတွက် အလွန်အကျိုးရှိသော ရွေးချယ်မှုများကို လမ်းဖွင့်ပေးထားခဲ့ရာ Serge အနေဖြင့် ယာဥ်မောင်းလိုင်စင်ရရှိရန် လက်မလျှော့နိုင်ခဲ့ဟု ဆိုသည်။ 

နောက်ဆုံးတွင် ကြံရာမရ ဖြစ်လာပြီး လိမ်လည်လှည်စားခြင်းက ၎င်း၏ အကောင်းဆုံး အလောင်းအစားဖြစ်ကြောင်း Serge က ဆုံးဖြတ်ကာ ၎င်းကိုယ်စား ယာဥ်မောင်းလိုင်စင် ဖြေဆိုပေးမည့်သူကို ရှာဖွေခဲ့သည်။

ထို့နောက် Serge က ၎င်းကဲ့သို့ပင် ဘယ်လ်ဂျီယံတွင် ရွှေ့ပြောင်းနေထိုင်သူ ကွန်ဂိုနိုင်ငံမှ Julien ဆိုသူနှင့် တွေ့ဆုံခဲ့သည်။ 

Julien မှာ Serge နှင့် ရုပ်ချင်းဆင်တူရုံမကဘဲ ဘယ်လ်ဂျီယံ ယာဥ်မောင်းလိုင်စင် ရရှိထားသူလည်း ဖြစ်သည်။ 

၎င်းတို့ (၂) ဦးက ဘယ်လ်ဂျီယံနိုင်ငံ Wallonia နယ်မြေ Mons မြို့တွင် ယာဥ်မောင်းလိုင်စင်ဖြေဆိုရန် သဘောတူညီခဲ့ကြသည်။ 

ပြင်သစ်ဘာသာစကား ပြောဆိုကြသည့် ထိုနယ်မြေတွင် ယာဥ်မောင်းလိုင်စင် စစ်ဆေးသူများက Flanders နယ်မြေတွင် စစ်ဆေးသူများထက် သက်ညှာနိုင်သည်ဟု Serge နှင့် Julien တို့က အကဲဖြတ်ခဲ့ကြသည်။

ကံမကောင်းစွာဖြင့် ၎င်းတို့၏ အကဲဖြတ်မှုမှာ မှားယွင်းခဲ့သည်။ 

စာမေးပွဲခန်းအတွင်း စစ်ဆေးသူတစ်ဦးကို Serge ၏ အိုင်ဒီကတ် ပေးပြီးပြီးချင်းမှာပင် ၎င်း ဒုက္ခရောက်ပြီဟု သိလိုက်ကြောင်း Julien က ဆိုသည်။ 

စစ်ဆေးသူက Julien ကို အနီးကပ် သေချာစွာ ကြည့်ရှုခဲ့ပြီး အိုင်ဒီကတ်ပေါ်ရှိ Serge နှင့် ၎င်းတို့ကြား မျက်နှာမတူညီမှုကို သတိပြုမိသွားခဲ့သည်။ 

နောက်ဆုံးတွင် Serge နှင့် Julien တို့ (၂) ဦးလုံး အဖမ်းခံလိုက်ရသည်။

၎င်းတို့ (၂) ဦးကို တရားရုံးထုတ် ကြားနာစစ်ဆေးခဲ့ပြီး ယခုအခါ Serge မှာ ဆိုင်းငံ့ထောင်ဒဏ် (၁) နှစ် ကျခံရနိုင်ကြောင်းနှင့် Julien မှာ နာရီ (၂၀၀) ကြာ ရပ်ရွာအလုပ်များ လုပ်ကိုင်ရနိုင်သည်။ 

တရားရုံးက ၎င်းတို့၏ အမှုများကို (၁) လအတွင်း အမိန့်ချမှတ်သွား ဖြစ်သည်။ 

Serge အနေဖြင့် ဘယ်လ်ဂျီယံတွင် ယာဥ်မောင်းလိုင်စင် မရရှိထားသော်လည်း ရထားဖြင့် သွားရောက်နိုင်သည့် ထုပ်ပိုးမှုလုပ်ငန်း ကုမ္ပဏီတစ်ခုတွင် အလုပ်ရနိုင်ကြောင်း ၎င်း၏ရှေ့နေက La Libre သတင်းစာကို ပြောခဲ့သည်။

#TachileikNewsAgency

Source: La Libre