တော်လှန်ရေး၏ အဆုံးအဖြတ်ကာလသို့ မကြာမီရောက်ရှိလာတော့မည်ဟု NUG ဆို

တော်လှန်ရေး၏ အဆုံးအဖြတ်ကာလသို့ မကြာမီရောက်ရှိလာတော့မည်ဟု NUG ဆို
သြဂုတ် 17, 2023 | 2021 Military Coup| ကယား

စစ်ကောင်စီကို အမြစ်ပြတ်သည်အထိ ဝိုင်းပတ်ချေမှုန်းရမည့် တော်လှန်ရေး၏ အဆုံးအဖြတ်ကာလသို့ မကြာမီရောက်ရှိလာတော့မည်ဟု NUGက ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၇)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် ကရင်နီတပ်မတော်(KA)အတွက် ပေးပို့ သည့် သဝဏ်လွှာတွင်ဖော်ပြထားသည်။ 

နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ သံတမန်ရေး အစရှိသည့် နယ်ပယ်ပေါင်းစုံတွင် ကျရှုံးလျက်ရှိသော အကြမ်းဖက်စစ်တပ်နှင့် စစ်ကောင်စီအား စိုးစဉ်းမျှနားခွင့်မပေးပဲ အမြစ်ပြတ်သည်အထိ ဝိုင်းပတ်ချေမှုန်းရမည့် တော်လှန်ရေး၏ အဆုံးအဖြတ်ကာလသို့ မကြာမီ ရောက်ရှိလာတော့မည်ဟု ယုံကြည်သည်ဟု ဖော်ပြထားသည်။

ကရင်နီတပ်မတော်၊ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်နှင့် အခြားသောတော်လှန်ရေး တပ်ဖွဲ့များ၏ ထက်သန်ပြင်းပြသော တော်လှန်တိုက်ခိုက်လိုစိတ်၊ စစ်ရေးစွမ်းရည်နှင့် ပူးပေါင်းအားထုတ်မှုများကို အလေးအနက် ဦးညွှတ်အသိအမှတ်ပြုကြောင်းလည်း ဖော်ပြထားသည်။

ကရင်နီပြည်သူများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးနှင့် တရားမျှတမှုရရှိရေးတို့ကို ဖော်ဆောင်ရန် အသက်၊ သွေး၊ ချွေး၊ အိုးအိမ်၊ စည်းစိမ်များစွာကို စွန့်လွှတ်ပေးဆပ်တိုက်ပွဲဝင်ခဲ့သော ကရင်နီအမျိုးသားခေါင်းဆောင်ကြီးများနှင့်တကွ ကရင်နီပြည်သူတရပ်လုံးကိုလည်း သူရဲကောင်းများအဖြစ် ဂုဏ်ပြုဦးညွှတ်ရမည်ဖြစ်သည်ဟုလည်း ပါရှိသည်။

#TachileikNewsAgency

Photo : NUG