အာဏာသိမ်းမှုကြောင့် မြင့်တက်နေသည့် ကုန်ဈေးနှုန်းကို ထိန်းချုပ်ရန်ဟုဆိုကာ စစ်ကောင်စီက ကော်မတီဖွဲ့

အာဏာသိမ်းမှုကြောင့် မြင့်တက်နေသည့် ကုန်ဈေးနှုန်းကို ထိန်းချုပ်ရန်ဟုဆိုကာ စစ်ကောင်စီက ကော်မတီဖွဲ့

စစ်တပ်အာဏာသိမ်းခြင်း၏ အကျိုးဆက်ကြောင့် ဖြစ်ပေါ်နေသည့် ပြည်တွင်း၌ ကုန်ဈေးနှုန်းများမြင့်တက်နေခြင်းကို ထိန်းချုပ်ရန်ဟုဆိုကာ စစ်ကောင်စီသည် ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီဟုဆိုကာ ယနေ့ ၂၀၂၃ခုနှစ် သြဂုတ်လ (၁)ရက်နေ့တွင် ထုတ်ပြန်ဖွဲ့စည်းလာကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ပြည်သူများအား၏ စားဝတ်နေရေးပြေလည်မှုကို ရှေ့ရှုလျှက် အခြေခံစားသောက်ကုန်ဈေးနှုန်းများအပါအဝင် ကုန်ဈေးနှုန်း တည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက်ရန်ဟုဆိုကာ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းကော်မတီက ဆန်၊ ဆီနှင့် မီးဖိုချောင်သုံးပစ္စည်းများ ဈေးတည်ငြိမ်ရေး၊ အခြေခံစားသောက်ကုန် ပစ္စည်းတစ်မျိုးစီ၏ ပြည်တွင်းစားသုံးရန် လိုအပ်ချက်နှင့် ပြည်တွင်းထုတ်လုပ်နိုင်မှု ပမာဏတို့ကို ချိန်ဆ၍ ညီညွတ်မျှတစေရေး စီစစ်ရန်၊ ဒေသများအလိုက် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရန် လိုအပ်သော ပေါင်းစပ်ညှိနှိုင်းမှုများအတွက် အဖွဲ့အစည်းများဖွဲ့စည်းတာဝန်ပေးရန်၊ ကုန်ပစ္စည်းထွက်ရှိရာဒေသများမှ စားသုံးသည့်ဒေသများသို့ သယ်ဆောင်ရာတွင် သယ်ယူစားရိတ်ကြီးမြင့်ခြင်း၊ ကြားခံအဆင့်များပြားခြင်း၊ လမ်းခရီး၌ မလိုအပ်ဘဲ ထိန်းချုပ်ခြင်းများ မဖြစ်ပေါ်စေရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန် စသည်ဖြင့် အခြားအချက်များလည်း ပါဝင်သည်ကို တွေ့ရသည်။

၎င်းကော်မတီကို စစ်ကောင်စီက စီးပွားကူးသန်း၊ စိုက်ပျိုးမွေးမြူ၊ ပို့ဆောင်ဆက်သွယ်၊ စီမံဘဏ္ဍာ၊ သမဝါယမ၊ စွမ်းအင်၊ စက်မှု၊ အလုပ်သမား၊ ဆောက်လုပ်ရေး၊ ဗဟိုဘဏ်၊ ပြည်ထဲရေး၊ စည်ပင်သာယာရေး၊ ကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ်တို့မှ လူများဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရသည်။

အာဏာမသိမ်းခင် ၂၀၂၁ခုနှစ် ဇန်နဝါရီလက အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ (၁၂၀၀)ဝန်းကျင်သာရှိခဲ့ရာက အာဏာသိမ်းပြီးနောက် ဒေါ်လာဈေးများတက်လာခဲ့ရာ ယနေ့ဒေါ်လာဈေးမှာ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ(၃၄၀၀)အထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အခြေခံစားသောက်ကုန်များထဲမှ အရေးကြီးသည့် ဆန်ဈေးမှာလည်း စားသုံးသူလက်ထဲအရောက် ဆန်ချောတစ်အိတ်လျှင် ငွေကျပ်(၁၅၀,၀၀၀)ဝန်းကျင်နှင့် ဆန်ကြမ်းတစ်အိတ်လျှင် ငွေကျပ် (၉၀,၀၀၀)ဝန်းကျင်အထိ ဈေးမြင့်တက်နေခြင်းဖြစ်သည်။

#TachileikNewsAgency