မြင်းခြံမြို့ပြင်ကို အိမ်စီးကားဖြင့်ထွက်လာသည့် စစ်ဗိုလ်တစ်ဦးပါ (၆)ဦး ပစ်ခတ်ခံရပြီးသေဆုံး

မြင်းခြံမြို့ပြင်ကို အိမ်စီးကားဖြင့်ထွက်လာသည့် စစ်ဗိုလ်တစ်ဦးပါ (၆)ဦး ပစ်ခတ်ခံရပြီးသေဆုံး

မန္တလေးတိုင်း မြင်းခြံမြို့နယ်တွင် အိမ်စီးကားဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးအပါ (၆)ဦးကို ၂၀၂၄ခုနှစ် မတ်လ (၁၁)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ရာ (၆)ဦးလုံးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ထံမှ သိရသည်။

မြင်းခြံမြို့ အနောက်ဖက် တံတားဦးဖက်မှ ထွက်သည့် လမ်းပေါ်တွင် အိမ်စီးကား Toyota Kluger အမျိုးအစား နှင့်ထွက်လာသည့် စစ်ကောင်စီတပ်သား (၅)ဦးနှင့် ပျူစောထီးတစ်ဦးဟု ယူဆရသူတစ်ဦးတို့ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြင်းခြံအနောက်ဖက် တံတားဦးဖက်ထွက်တဲ့ လမ်းပေါ်လို့ ပြောပါတယ်။ စကစဖက်က စစ်ဗိုလ်တစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။ ဘယ်တပ်ရင်းကလဲ မသိရပါဘူး။ အိမ်စီးကား Toyota Kluger အမျိုးအစားနဲ့လို့ ပြောပါတယ်။”ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါစစ်ကောင်စီတပ်သားများ စီးနင်းလာသည့်ကားကို အမှတ်(၈၁၅) PLA တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့(PLA) စုပေါင်းအင်အားနှင့် မြင်းခြံ 35 တပ်ဖွဲ့၊ BGFတို့ ပူးပေါင်းကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

“ပျူလို့ ယူဆရသူတစ်ယောက်ပါပေမယ့် အတည်မပြုနိုင်သေးပါဘူးခင်ဗျာ။ ကျန်တာတော့ စစ်သားတွေပါ။ ကားက ဝိုင်းပစ်ခံရတာဆိုတော့ သယ်ယူလာလို့ မရခဲ့ပါဘူးခင်ဗျာ။”ဟု ၎င်းကဆက်ပြောသည်။

စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီဖက်က ယမန်နေ့ ညနေပိုင်းတွင် ယင်းနေရာတဝိုက်ကို စစ်ကြောင်းထိုး မွှေနှောက်သွားသည်ဟု သိရသည်။ 

စစ်ကောင်စီတပ်သားများထံမှ MA1 တစ်လက်၊ MA2 တစ်လက်၊ MA3 တစ်လက်၊ G3 တစ်လက်၊ Type 81 တစ်လက်၊ MA5 တစ်လက်၊ (၅.၅၆)ကျည် (၉၆)တောင့်၊ (၇.၆၂)ကျည် (၈၄)တောင့်၊ G3ကျည် (၁၃၅)တောင့်၊ MA ကျည်ဘောက် (၄)ခု၊ G3 ကျည်ဘောက် (၆)ခု၊ Type 81 ကျည်ဘောက် (၂)ခု၊ MA5 ကျည်ဘောက် တစ်ခု၊  ဖုန်း(၄)လုံး၊ ပါဝါဘန့်ခ်တစ်လုံး၊ စကားပြောစက် တစ်လုံးနှင့် ငွေကျပ်(၅)ထောင်တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency