လွိုင်ကော်မြို့ရှိ နွားလဝိုးကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်ရာ ဘုန်းကြီးကျောင်းပျက်စီးပြီး အရပ်သားတစ်ဦးကိုလည်း ပစ်သတ်သွား

လွိုင်ကော်မြို့ရှိ နွားလဝိုးကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်ရာ ဘုန်းကြီးကျောင်းပျက်စီးပြီး အရပ်သားတစ်ဦးကိုလည်း ပစ်သတ်သွား
ဇူလိုင် 26, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ရှိ နွားလဝိုးကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့တွင် လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်းပျက်စီးသွားကာ အရပ်သားတစ်ဦးကိုလည်း ပစ်သတ်သွားကြောင်း သိရသည်။

လွိုင်ကော်-မိုးဗြဲလမ်း၌ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်ပတ်ကြာပြီဖြစ်ပြီး ယနေ့တွင် စစ်ကောင်စီ၏ အမြောက်တပ်(၃၅၆)က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် နွားလဝိုး တောင်တန်းသာသနာပြု ဘုန်းကြီးကျောင်း ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘုန်းကြီးကျောင်းတော့ ပျက်စီးသွားတယ်။ လူတော့ ထိခိုက်မှုမရှိဘူး။ အခုထိ လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်နေတယ်။ တိုက်ပွဲဖြစ်နေတာ သူတို့ဘက်က သေတာလည်းများတယ်။ အဲဒီမှာ အလောင်းတွေကို နွားလဝိုးရွာထဲက နေအိမ်တွေထဲထည့်ပြီး မီးရှို့သွားသေးတယ်။ ဒေသခံတွေလည်း အကုန်ရှောင်နေကြရတယ်။”ဟု Karenni Generation Youth – A မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကို ယနေ့ ညနေပိုင်းတွင် ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် နွားလဝိုးစက်မှုဇုံလမ်းခွ၌ အရပ်သားတစ်ဦးကို ပစ်သတ်သွားပြီး နွားလဝိုးရွာနှင့် ထီရီရွာရှိ ကျေးရွာဥက္ကဌနှင့် ဒေသခံ(၁၀)ဦးဝန်းကျင်ကို ခေါ်ယူစစ်ဆေးပြီးနောက် ပြန်လွတ်ပေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ(၁၈)ရက်နေ့က လွိုင်ကော်-မိုးဗြဲလမ်းမကြီးနှင့် လွိုင်ကော်-ဆီဆိုင်လမ်းမကြီး တလျှောက်တွင် စစ်ကောင်စီတပ်များက နည်းလမ်းပေါင်းစုံဖြင့် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေပြီး အဆိုပါ လမ်းမကြီးများတလျှောက်တွင် ၎င်းတို့နှင့် တော်လှန်ရေးအင်အားစုများအကြား စစ်ရေးအခြေနေများ တင်းမာနေသည့်အတွက် အချိန်မရွေး ထိတွေ့မှုများ ဖြစ်ပွားနိုင်ကြောင်း KNDFဗဟိုက သတိပေးထုတ်ပြန်ထားသည်။ 

ထို့ကြောင့် လွိုင်ကော်-မိုးဗြဲ လမ်းမကြီးနှင့် လွိုင်ကော်-ဆီဆိုင်လမ်းမကြီးအား အသုံးပြုသွားလာကြမည့် ပြည်သူများအနေဖြင့် ဇူလိုင်လ(၁၈)ရက်နေ့မှစ၍ ဇူလိုင်လ (၂၈)ရက်နေ့အထိ ကားကြီး (ဆယ်ဘီးကား၊ ကုန်ကား၊ တွဲကား၊ ဒန်ဘာ၊ မိုးကာအုတ်)များ လုံးဝသွားလာခြင်း မပြုလုပ်ကြရန်နှင့် ကားငယ်များဖြင့် မဖြစ်မနေ သွားလာရန် လိုအပ်ပါက ကားမှန်များချထားပြီး သွားပေးကြရန် အသိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo :Karenni Generation Youth - A