ရန်ကုန် နှင့် စိန့်ပီတာစဘတ်မြို့ကို ညီအစ်မမြို့တော်အဖြစ် သတ်မှတ်ရေး ရုရှား နှင့် မြန်မာ တွေ့

ရန်ကုန် နှင့် စိန့်ပီတာစဘတ်မြို့ကို ညီအစ်မမြို့တော်အဖြစ် သတ်မှတ်ရေး ရုရှား နှင့် မြန်မာ တွေ့
ဖေဖော်ဝါရီ 16, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကောင်စီ၏ ရန်ကုန်မြို့တော်ဝန် နှင့် မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးတို့က မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့များသည် ဆိပ်ကမ်းမြို့များဖြစ်၍ဟုဆိုကာ ညီအစ်မမြို့တော် အဖြစ် သတ်မှတ် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ဆွေးနွေးကြကြောင်း သိရသည်။

စစ်ကောင်စီ၏ ရန်ကုန်မြို့တော်ဝန်(စည်ပင်သာယာရေးဝန်ကြီး) ဦးဗိုလ်ဌေး နှင့် မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ မြို့တော်ခန်းမတွင် တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။



  တွေ့ဆုံမှုအတွင်း ရန်ကုန်မြို့ နှင့်  စိန့်ပီတာစဘတ်မြို့ကို ညီအစ်မမြို့တော်အဖြစ် သတ်မှတ် အကောင်ထည်ဖော်ရေး ကိစ္စ အပြင်   ရုရှားအော်သိုဒေါ့ဘုန်းတော်ကြီးကျောင်းကို မြောက်ဒဂုံတွင် တည်ဆောက်ရေး၊ ရုရှားနိုင်ငံအနေဖြင့် ရန်ကုန်တွင် ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများ လုပ်မည့်ကိစ္စရပ်များ နှင့် ရန်ကုန် - မော်စကို လေကြောင်း ပျံသန်းရေးကိစ္စရပ်များ ဆွေးနွေးကြကြောင်း သိရသည်။

နိုင်ငံ့အာဏာကို စစ်တပ်က သိမ်းယူထားပြီးနောက်ပိုင်း နိုင်ငံအတွင်းမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စွန့်ခွာ သွားချိန်တွင် ရုရှားက ဝင်ရောက်လာပြီး အဖက်ဖက်ကနေ နေရာယူနိုင်ရန် လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။

TachileikNewsAgency

Photo: ရန်ကုန်မြို့တော်စည်ပင်