ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသဖြင့် ဒေသခံထောင်ချီ ထွက်ပြေးနေရ

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသဖြင့် ဒေသခံထောင်ချီ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အောင်ချမ်းသာကျေးရွာအတွင်းကို စစ်ကောင်စီတပ်များသည် ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂)ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာခြင်းကြောင့် ဒေသခံ ထောင်ချီထွက်ပြေးနေရကြောင်း သိရသည်။

အနောက်တောင်ခြမ်း တိုက်နယ်(၂)ဒေသ ရေဦး-ညောင်ပင်သာ ကားလမ်းဘေးရှိ အင်းပတ်ကွေ့အထိုင်ချ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး အင်အား (၃၀)ဝန်းကျင်သည် အောင်ချမ်းသာကျေးရွာနှင့် အင်းပတ်ကျေးရွာကြား တောလမ်းများမှ ခြေလျင်စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ပြီး ၎င်း(၂)ရွာစလုံးအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အင်းပတ်ကျေးရွာမှ နွား(၂)ကောင်သေဆုံးပြီး (၅)ကောင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒါ့အပြင် အောင်ချမ်းသာကျေးရွာအတွင်း ဝင်ရောက်ခဲ့ရာတွင် ပြည်သူ(၄)ဦးခန့်ကို ဖမ်းဆီးခဲ့ပြီး အသက်(၆၁)နှစ်အရွယ် အဖိုးအို ဦးသန်းဝင်း၏ ဘယ်ဘက်ပေါင်အား သေနတ်ဖြင့်တေ့ပစ်ခဲ့ကာ ကောက်ရိုးပုံ (၂)ခုကြား ထည့်၍ မီးရှို့ရန်ပြင်ထားခဲ့ပြီး နောက်ထပ် ဒေသခံ တစ်ဦးဖြစ်သူမှာလည်း လက်နက်ကြီးစများ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ဒဏ်ရာရရှိသူ (၂)ဦးအား ဆေးကုသမှု ပေးနေပြီး စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်းနှင့် ပြည်သူပိုင် နေအိမ်များမှ စားစရာပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

ထို့အပြင် ခင်ဦးမြို့နယ်မြောက်ခြမ်း တိုက်နယ်(၅)ဒေသ အိုက်ပေါက်ကြီးရွာသို့ ဝင်ရောက်နေသော စစ်ကောင်စီတပ်သား အင်အား(၁၀၀)ခန့်ပါသည့် စစ်ကြောင်းသည်လည်း ယနေ့မနက်ပိုင်းတွင် ညောင်ကန်ကျေးရွာနှင့် အလယ်ရှိုကျေးရွာကြားမှ  ယောက်သွားအိုက်ဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်၍ လာနေသဖြင့် အနောက်တောင်ခြမ်းဒေသခံများနှင့် မြောက်ခြမ်း ဒေသခံ (၄၀၀၀)ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖော်ပြထားသည်။

#TachileikNewsAgency

Photo : ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး