ကလလတ လွိုင်ကော်ခရိုင်က စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းမည်ဟု ထုတ်ပြန်

ကလလတ လွိုင်ကော်ခရိုင်က စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းမည်ဟု ထုတ်ပြန်
ဇူလိုင် 1, 2023 | 2021 Military Coup| ကယား

စစ်ကောင်စီအား ပြန်လည်တိုက်ခိုက်မည်ဟု ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် တရားဝင်အသိပေးကြေညာပြီးနောက် လွိုင်ကော်ခရိုင်(ကလလတ)အဖွဲ့က စစ်ကောင်စီတပ်နှင့် ဆက်လက်ပူးပေါင်းမည်ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။

ထုတ်ပြန်ချက်တွင် ပြည်သူလူထု၏အကျိုးကိုသာ အစဉ် ဦးထိပ်ပန်ဆင်ပြီး ယနေ့အထိ နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့များနှင့် အတူယှဉ်တွဲကာ ငြိမ်း‌ချမ်းရေးတည်ဆောက်ခဲ့ပြီးဖြစ်၍ ပြည်သူလူထုအတွက် အကျိုးပြုလုပ်ငန်းကိုသာ အတူပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဗဟိုကော်မတီ၏ သဘောထားမပါဘဲ ထုတ်ပြန်ကြေညာချက်များသည် အဖွဲ့အစည်း၏ တရားဝင် ထုတ်ပြန်ကြေညာချက်မဟုတ်ဟု ကလလတ ဒုတိယဥက္ကဌထူးကော်က လက်မှတ်ရေးထိုးထုတ်ပြန်လာသည်။

စစ်ကောင်စီတပ်အား တိုက်ခိုက်မည်ဟုဆိုသည့် တပ်ဖွဲ့ကမူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့နှင့် နီးနီးကပ်ကပ်လက်တွဲပြီး တော်လှန်ရေးလုပ်ငန်းတာဝန်များကို ပူးတွဲလုပ်ဆောင်သွားရန် အဆင်သင့်ဖြစ်နေပြီဟု ထုတ်ပြန်သည်။

အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများ၊ တိုက်ပွဲဝင်နေကြသည့်ရဲဘော်များ၊ တိုက်ဖော်တိုက်ဖက်များ၊ မိတ်ဆွေများက တတ်နိုင်သည့်ဘက်က ဝိုင်းဝန်းကူညီပေးကြရန် တော်လှန်ရေး အကျိုးမြော်မြင်ချက်နှင့် ညီညွတ်ရေးရှေ့ရှုချက်ဖြင့် ကလလတ၏ လုပ်ဆောင်မှုများကို ဝေ  ဖန်တည့်မတ်ပေးကြရန် ပြည်သူများလက်ဝယ်သို့အပ်နှံကြောင်းလည်း ထုတ်ပြန်ထားသည်။

တောင်ပေါ်မြေပြန့်ဒေသအနှံ့ရှိ မည်သည့်တော်လှန်ရေးအဖွဲ့အစည်းများနှင့်မဆို အခြေခံအဆင့်ဖြစ်သည့် တိုက်ပွဲဝင် အပြန်အလှန် နားလည်မှု ရရှိရေးမှအစပြုပြီး အပြန်အလှန်ကူညီကြရန်၊ သွေးစည်းညီညွတ်ကြရန်နှင့် မဟာမိတ်တပ်ပေါင်းစုတစ်ရပ် ဖွဲ့စည်းသွားနိုင်ရန်အထိ မျှော်မှန်းထားသည်ဟု သိရသည်။

#TachileikNewsAgency