လွိုင်ကော်မြို့ပေါ် ရပ်ကွက်များအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်များ လက်နက်များကိုင်ဆောင်ပြီး တပ်ဖြန့်  နေရာယူထား

လွိုင်ကော်မြို့ပေါ် ရပ်ကွက်များအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်များ လက်နက်များကိုင်ဆောင်ပြီး တပ်ဖြန့်  နေရာယူထား
ဇွန် 11, 2021 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ပေါ် ရပ်ကွက်များအတွင်း ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့တွင် စစ်ကောင်စီတပ်များက နေရာအနှံ့ဖြန့်ကာ နေရာယူထားကြောင်း သိရသည်။

မြို့ထဲမှာ ရပ်ကွက်တွေထဲ (၅) ယောက်တစ်စု လောက်ရှိမယ်။ အဲဒီလို​ တစ်စုတစ်စုနဲ့ နေအိမ်ရှေ့တွေ၊ ဈေးဆိုင်ခန်းရှေ့တွေရဲ့ လမ်းဘေးတွေမှာရော ရေမြောင်းထဲတွေမှာပါ သေနတ်တွေနဲ့ နေရာယူထားတယ်။ ဘာကြောင့်ဆိုတာ မသိရပေမဲ့ မြို့ထဲက ကိုယ့်နီးစပ်ရာကိုတော့ အပြင်မထွက်ကြဖို့ ပြောပြထားရတယ်။ လှည့်ပတ်နေပြီး အဲဒီလိုတွေလုပ်နေတာ။

ဟု လွိုင်ကော်မြို့ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လွိုင်ကော်မြို့ တွင်း စစ်အင်အားတိုးချဲ့ထားသည့် တပ်မများမှာ ဇွန်လ (၁၁) ရက်နေ့ နံနက် (၁၀) နာရီကျော်အချိန်မှစ၍ လွိုင်ကော်မြို့ တွင်းရှိ အဓိကလမ်းမကြီးများပေါ်တွင် ခြေလျင်လှည့်လည်နေခဲ့ပြီး ရပ်ကွက်များအတွင်း နေအိမ်များရှေ့တွင် စစ်မြေပြင်သဖွယ် လူဖြန့်ခွဲကာ နေရာယူခြင်းများ လုပ်ဆောင်နေသည်ကို တွေ့ရကြောင်း သိရသည်။

ကရင်နီ(ကယား)ပြည်နယ်အတွင်း လွိုင်ကော်မြို့တွင် ဇွန်လ (၁၁) ရက်နေ့၌ ပစ်ခတ်မှုများ မရှိသေးသော်လည်း ညနေ (၃)နာရီမှစ၍ ဒီးမော့ဆိုမြို့ အရှေ့ဖက်ခြမ်း ဒေါခူလီတောင်နားတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်များ ပစ်ခတ်မှု ဖြစ်ပွားနေကြောင်း သိရသည်။