ဆားလင်းကြီးမြို့ ညောင်ပင်ကြီး စက်လှေဆိပ်ရှိ တဲများကို စစ်တပ်က မီးရှို့ဖျက်ဆီးသွား၍ စစ်ဘေးရှောင်များ အကူအညီလိုနေ

ဆားလင်းကြီးမြို့ ညောင်ပင်ကြီး စက်လှေဆိပ်ရှိ တဲများကို စစ်တပ်က မီးရှို့ဖျက်ဆီးသွား၍ စစ်ဘေးရှောင်များ အကူအညီလိုနေ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီး စက်လှေဆိပ်ရှိ တဲများကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၇)ရက်နေ့ နံနက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

"ညောင်ပင်ကြီး ကူးတို့ဆိပ်ပါဗျ။ မနက်ကရှို့တာ။ သူတို့က ရှို့ချင်သလိုကို ရှို့နေတာ။ အတိအကျတော့ မသိရသေးဘူး။ ဆိုင်ကယ်ထားတဲ့ တဲတွေကို မီးရှို့နေတာ။ အခုငြိမ်းသွားပြီ။ ပြောမရဘူး ထပ်ရှို့နိုင်တယ်။ ရွာတွေကိုလည်း ဇွန်လ(၉)ရက်နေ့ကစပြီး အခုထိပဲ မီးရှို့နေတာ။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ညောင်ပင်ကြီးကျေးရွာ ရဲစခန်း ဇွန်လ(၉)ရက်နေ့က တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်များ အင်အားဖြည့်တပ်စွဲကာ တရုတ်ပိုင် မြန်မာယန်စီ ကုမ္ပဏီ၏ အကူအညီဖြင့် စခန်းအား ပြန်လည် ဆောက်လုပ်နေသည်ဟု သိရသည်။

ထို့အပြင် ယင်းစခန်းမှ စစ်ကောင်စီတပ်များသည် ယနေ့ဇွန်လ (၁၇)ရက်နေ့အထိ အနီးရှိကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်းတို့ကြောင့် ကျေးရွာ(၁၀)ရွာမှ ဒေသခံ (၁၀,၀၀၀)‌ဝန်းကျင် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု သိရသည်။

"တချို့ဆို ဘာပစ္စည်းမှယူချိန်မရဘူး။ စစ်ရှောင်တွေအတွက် အကူအညီတွေ လိုအပ်နေပါတယ်။ စစ်ရှောင်တွေ စားစရိတ်အတွက် တစ်ရက်ကို (၅)သိန်းလောက်ကုန်ကျတယ်။"ဟု ဒေသခံတစ်ဦးက အကူအညီတောင်းခံထားသည်။

စစ်ကောင်စီတပ်များသည် ညောင်ပင်ကြီးရဲစခန်းကို ဖမ်းဆီးခံထားရသည့် ဒေသခံ(၂၀)ဝန်းကျင်ဖြင့် ပြန်လည်တည်ဆောက်နေခြင်း ဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo : အညာပစ်တိုင်းထောင်လေးများ