စစ်ကောင်စီ၏ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်ပိတ်ပင်မှုအပေါ်  ပြည်တွင်းရှိ လူငယ်များစိုးရိမ်ပူပန်နေ

စစ်ကောင်စီ၏ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်ပိတ်ပင်မှုအပေါ်  ပြည်တွင်းရှိ လူငယ်များစိုးရိမ်ပူပန်နေ

စစ်ကောင်စီ၏ နိုင်ငံအတွင်းရှိ အမျိုးသားများ ပြည်ပထွက်ခွာအလုပ်လုပ်ခြင်းကို ယာယီပိတ်သိမ်းကြောင်း ကြေညာမှုအပေါ်  ပြည်တွင်းရှိ လူငယ်များ စိုးရိမ်ပူပန်နေကြပြီး လူငယ်များ ပြည်ပထွက်ခွာခွင့်ကိစ္စရပ်များအပေါ်  ပိုမိုအချိန်ယူစိစစ်နိုင်ရန်နှင့် တခြားအခြေအနေများအရ ယာယီဆိုင်းငံထားရခြင်းဖြစ်ကြောင်း စစ်ကောင်စီဘက်မှ ကြေညာထားသည်။

“လူငယ်တွေက ပြည်တွင်းမှာ အလုပ်အကိုင်မကောင်းကြလို့ ပြည်ပထွက်ဖို့လုပ်ကြတာ၊ ပုံမှန်ဆို ဘယ်သူကထွက်လုပ်မှာလဲ၊ ဒီလိုထွက်လုပ်ဖို့ကလည်း အချိန်နဲ့ငွေတွေရင်းထားရတယ်။ အခုလိုအသံကြားတော့ ဘာလုပ်ရမလဲဆိုတာ ပိုခက်ကုန်တယ်။ လူတွေက အဆင်မပြေတော့လို့ ထွက်ပေါက်ရှာတဲ့အခါ ထွက်ပေါက်ပိတ်ရင် မထူးဇာတ်ခင်းဖို့ပဲရှိတော့တယ်”ဟု ကိုရီးယားဘာသာစကားသင်တန်းတက်ကာ EPS စာမေးပွဲဖြေဆို၍ ပြည်ပထွက်ခွာရန် ကြိုးစားနေသည့် လူငယ်တစ်ဦးကဆိုသည်။

ပြည်ပထွက်အလုပ်လုပ်ခွင့်ပိတ်ပင်မှုတွင် MOU အလုပ်သမားများ၊ PJ Passport ကိုင်ဆောင်ထားကာ အေဂျင်စီနှင့်ချိတ်ဆက်၍ အလုပ်ခေါ်စာဖြင့် နိုင်ငံခြားထွက်အလုပ်လုပ်မည့်သူများ ပါဝင်ကြောင်း စစ်ကောင်စီ၏ ကြေညာချက်အရသိရသည်။

“တစ်နိုင်ငံလုံးမှာ စစ်မျက်နှာပေါင်းစုံဖွင့်ထားရတဲ့ စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့ လူငယ်တွေလိုအပ်နေတယ်၊ ပြည်ပထွက်အလုပ်လုပ်မယ့် လူငယ်တွေကို စစ်မှုထမ်းပြီးမှ ပြည်ပထွက်ခွင့်ပြုမယ်ဆိုတာမျိုးလုပ်လာနိုင်တယ်။ တိုင်းပြည်ထဲက လူငယ်တွေ ပြည်ပထွက်နေတာကို တားဆီးဖို့ တရစ်ခြင်းကျပ်နေမှာပဲ။ လူငယ်တွေအနေနဲ့ ပေါ့ပေါ့တန်တန် သတိလက်လွတ်မနေကြဖို့လိုတယ်။”ဟု စစ်ရေး၊နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးကဆိုသည်။

လက်ရှိအချိန်တွင် မေလ (၁)ရက်နေ့မတိုင်မီ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနထံ အလုပ်ခေါ်စာတင်ပြထားသူများ၊ အလုပ်ခေါ်စာကို စစ်ဆေးအတည်ပြုပြီး ထွက်ခွာခွင့် အတည်ပြုထားသူများမှလွဲ၍ ကျန်သည့် ပြည်ပထွက်ခွာအလုပ်လုပ်ရန် ကြိုးစားနေသည့်လူငယ်များအားလုံးအနေဖြင့် အာမခံချက်မရှိပေ။

စစ်ကောင်စီဘက်မှ ယာယီပိတ်ပင်သည်ဟုသာ ကြေညာထားပြီး မည်သည့်အချိန်တွင် အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် ပြန်လည်ခွင့်ပြုမည်ကို ရှင်းလင်းစွာ ကြေညာထားခြင်းမရှိပါ။

#TachileikNewsAgency