KNU တပ်မဟာ ၃ နယ်မြေတွင် စစ်ကောင်စီတပ် လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် သုံးရက်အတွင်း အရပ်သား ၆ ဦးသေဆုံး

KNU တပ်မဟာ ၃ နယ်မြေတွင် စစ်ကောင်စီတပ် လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် သုံးရက်အတွင်း အရပ်သား ၆ ဦးသေဆုံး

ပဲခူးတိုင်း ရွှေကျင်မြို့နယ်၊ မုန်းမြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့တွင်  ၂၀၂၃ ခုနှစ် ဩဂုတ်လ (၁၃)ရက်နေ့မှ ဩဂုတ်လ (၁၆)ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် ကျောင်းသား(၂)ဦးအပါအဝင် အရပ်သား(၆)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNUဗဟိုက ယနေ့ ဩဂုတ်လ (၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်က (၁၀၅)မမ၊ (၁၂၂)မမများ၊ မော်တာအမျိုးအစား (၈၁)မမနှင့် (၆၀)မမ တို့ဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်ခဲ့ခြင်းကြောင့် ကျောင်းသား (၂)ဦးအပါအဝင် အရပ်သား(၆)ဦး သေဆုံးခဲ့ရပြီး ကျောင်းသူ၊ ကျောင်းသား(၄)ဦး၊ ကျောင်းဆရာမ(၁)ဦးအပါအဝင် (၇)ဦး ဒဏ်ရရှိခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်တွင် ဩဂုတ်လ (၁၃)ရက်နေ့ ညနေပိုင်းမှ စတင်ပြီး ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၆၄)တပ်ရင်းမှ ကျေးရွာများတွင်းသို့ (၁၂၂)မမ လက်နက်ကြီးဖြင့် (၄)ကြိမ် ပစ်ခတ်ခဲ့ရာ ဒိုးတန်းကျေးရွာသို့ (၁)လုံး၊ ပဲသောင်ကျေးရွာသို့ (၃)လုံးနှင့် အင်ကုန်းကျေးရွာသို့ (၃)လုံး ကျ‌ရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ပဲသောင်ကျေးရွာသို့ ကျရောက်ပေါက်ကွဲမှုတွင် ကျောင်းသူ၊ ကျောင်းသား (၄)ဦး ထိခိုက်ဒဏ်ရာရပြီး ၎င်းတို့အနက်မှ အသက်(၁၃)နှစ်အရွယ် စောအယ်ကလူထူးနှင့် အသက်(၁၆)နှစ်အရွယ် စောဘိုလိုသီးတို့နှစ်ဦး သေဆုံးခဲ့ရကာ အသက်(၁၁)နှစ်အရွယ် စောခွားစိနှင့် အသက်(၁၅)နှစ်အရွယ် နော်ဗြဲဗြဲတို့ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ 

ထို့အပြင် ကျောက်တံခါးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်က (၁၀၅)မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လှေတန်းကျေးရွာသို့ ကျည်(၂)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး သူဌေးကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကလည်း (၈၁)မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဒိုးတန်းကျေးရွာတွင်းသို့ ကျည်(၈)လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ရွှေကျင်မြို့နယ်တွင် ဩဂုတ်လ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် တန်ပြန်တံတားမှနေ၍ လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့ရာ ဂွေးကုန်းကျေးရွာသို့ (၅)လုံး၊ ဂွမ်းဒလကြီးကျေးရွာသို့ (၃)လုံး ကျရောက်ခဲ့ကြောင်း သိရသည်။

နေ့လယ်ပိုင်းတွင် ရွှေကျင်မှ ကား(၁)စီးနှင့် ဆိုင်ကယ်(၃)စီးဖြင့် လာရောက်ပြီး (၆၀)မမ လက်နက်ကြီး အထိုင်ချကာ ပစ်ခတ်ခဲ့သောကြောင့် အင်းကပ်ပလိပ်ကျေးရွာသို့ (၃)လုံး ကျရောက်ပေါက်ကွဲပြီး တစ်လုံးမှာ စာသင်ကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲသောကြောင့် ဆရာမတစ်ဦးနှင့် ကျောင်းသား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ်လ(၁၆)ရက်နေ့ နံနက်ပိုင်းတွင် မုန်းမြို့နယ် သစ်ခြောက်ခင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က (၈၁)မမ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ဇလုပ်ကြီးကျေးရွာတွင် (၃)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၆၀)နှစ်ရှိ ကိုမောင်ထွေး(ခ)ကျော်ဇေယျနှင့် အသက်(၃၅)နှစ်ရှိ ကိုသန့်ဇော်တို့ ကျည်စထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီတပ်သည် ဘုရားလဟာကျေးရွာမှနေ၍ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ ငါးမြစ်အင်းကျေးရွာသို့ (၁)လုံး၊ ကညွတ်ကွင်း ခမရ(၄၃၉)တပ်ရင်းမှနေ၍ လက်နက်ကြီးပစ်ခတ်ခဲ့ရာ နောင်ဘို လက်တက်ကြီးတွင် (၆)လုံး၊ တောကျွဲအင်းမှနေ၍ လက်နက်ကြီးပစ်ခတ်ခဲ့ရာ လှေဒိုးရွာမြောက်ဘက် မာဃဒေဝ ဝက်ခြံအတွင်းသို့ (၃)လုံး ကျရောက်ခဲ့ကြောင်း သိရသည်။ 

ဩဂုတ်လ (၁၁)ရက်နေ့တွင် သမင်အင်းကုန်းကျေးရွာနှင့် တလဲဒူးကျေးရွာတွင်းသို့ တိုက်လေယာဉ် (၂)စီးဖြင့် (၈)ကြိမ်လာရောက် ပစ်ခတ်ပြီး (၁၂)ရက်နေ့တွင်လည်း တိုက်လေယာဉ်တစ်စင်းဖြင့် တစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၉)ရက်နေ့တွင် စစ်ကောင်စီတပ်များသည် အိမ်ခြေ(၂၀၀)ဝန်းကျင်ရှိ နံဇကျေးရွာတွင်းသို့ ဝင်ရောက်မီးရှို့ရာ နေအိမ်အလုံး(၂၀)ပျက်စီးပြီး ယခုဩဂုတ်လတွင်လည်း ကျန်ရှိနေသည့် နေအိမ်များကို ဆက်လက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Karen National Union