မုံရွာမြို့မှ ဆားလင်းကြီးမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် အရပ်သား(၃၀)ကျော်ကို ဖမ်းဆီးသွား

မုံရွာမြို့မှ ဆားလင်းကြီးမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် အရပ်သား(၃၀)ကျော်ကို ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ ဆားလင်းကြီးမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် အရပ်သား(၃၀)ကျော်ကို လူသားဒိုင်းအဖြစ် အသုံးပြုရန် ဖမ်းဆီးသွားကြောင်း သိရသည်။



၂၀၂၃ခုနှစ်၊ ဇွန်လ(၄)ရက်နေ့ကစတင်ကာ မုံရွာဘက်‌မှ အမြန်ရေယာဉ်တစ်စီးဖြင့်လာသည့် အင်အား(၁၀၀)ကျော်ပါ စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးဆိပ်၌ ကမ်းကပ်ပြီး စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



ထို့နောက် ၎င်းစစ်ကြောင်းသည် ညောင်ပင်ကြီးမှတဆင့် တရုတ်ပိုင် ဝမ်ပေါင်ကုမ္ပဏီဘက်ကို ထွက်သွားပြီး ယင်းမှတဆင့် မိုးကြိုးပြင်ရွာကိုဝင်ရောက် တပ်စွဲသွားကြောင်း သိရ သည်။



"ညောင်ပင်ကြီးအထွက် ကျော်ရွာ၊ တောင်ပလူရွာက ပိတ်မိနေတဲ့ ‌ဒေသခံတချို့ဖမ်းခံရတယ်။ ပြီးတော့ မိုးကြိုးပြင်အလယ်ရွာကို ဝင်ပြီး ဒေသခံတွေကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားတာဖြစ်တယ်။"ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။



ဒေသခံများကိုဖမ်းဆီးကာ ဇွန်လ(၅)ရက်နေ့တွင် မိုးကြိုးပြင်ရွာမှ ထွက်သွားပြီး ဖိုလ်ဝင်တောင်မြောက်ပိုင်းမှတဆင့် ရာဇဂြိုလ်၊ အင်္ကြင်းတောင် ဘုန်းကြီးကျောင်းကို ဇွန်လ(၆)ရက်နေ့တွင်ရောက်ရှိကာ တပ်စွဲသွားသည်ဟု သိရသည်။



ယနေ့ဇွန်လ(၇)ရက်နေ့၊ နံနက်ပိုင်းတွင် ဖိုလ်ဝင်တောင်နယ်မြေမှတဆင့် ဆားလင်းကြီးမြို့နယ်သို့ဝင်ရောက် တပ်စွဲနေကြောင်း သိရသည်။



"ဖိုလ်ဝင်တောင် သတ်ကွင်းကောင်းတဲ့နေရာကို ရောက်ပါရဲ့နဲ့ ပြည်သူတွေကို ဓားစာခံလုပ်လာတာဖြစ်တဲ့အတွက် ပြည်သူကို မထိခိုက်စေချင်တဲ့အတွက် ပြည်သူတွေပါနေတဲ့အတွက် ဒီစစ်ကြောင်းကို လက်လျှော့လိုက်ရတယ်။"ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။



လက်ရှိအချိန်ထိ ဖမ်းဆီးခံရသည့် အရပ်သားများပြန်လွတ်လာခြင်းမရှိသေးဟု သိရသည်။



ထို့ကြောင့် ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်များ ရွာအတွင်း ဝင်ရောက်လာပါက လုံဝအတွေ့မခံဘဲ တိမ်းရှောင်ပေးကြရန် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက အသိပေးထားသည်။



#TachileikNewsAgency

Photo : Aung Khant Zaw