စစ်ကောင်စီ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိလာစေရန် တော်လှန်ရေးအင်အားစုများက ဝိုင်းဝန်းလက်တွဲတွန်းလှန်ရမည့်အချိန်ဟု TNLA ဥက္ကဌပြော 

စစ်ကောင်စီ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိလာစေရန် တော်လှန်ရေးအင်အားစုများက ဝိုင်းဝန်းလက်တွဲတွန်းလှန်ရမည့်အချိန်ဟု TNLA ဥက္ကဌပြော 
ဇန်နဝါရီ 12, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများကို တနေ့ပြန်လည်ပြီး တာဝန်ခံမှု၊ တာဝန်ယူမှုရှိလာစေရန် တော်လှန်ရေးအင်အားစုများက ဝိုင်းဝန်းလက်တွဲပြီး တွန်းလှန်ရမည့်အချိန်ဖြစ်ကြောင်း TNLA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောဆိုလိုက်သည်။

ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၆၁)နှစ်မြောက် တအာင်းတော်လှန်ရေးနေ့အတွက် မိန့်ခွန်းတွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

"ပြည်ပရန်ကာကွယ်ဖို့ ဝယ်ယူထားတဲ့ လေကြောင်းတိုက်ခိုက်ရေး လက်နက်ပစ္စည်းတွေ တွင်တွင်အသုံးချပြီး ပြည်သူလူထုရဲ့ အိုးအိမ်တွေကို နေ့စဉ်နဲ့အမျှ ဗုံးကြဲဖျက်ဆီးနေတဲ့ စစ်ရာဇဝတ်မှုတွေ တနေ့ပြန်လည်ပြီး‌တော့ တာဝန်ခံမှု၊ တာဝန်ယူမှုရှိလာစေအောင် တော်လှန်ရေးအင်အားစုများအနေနဲ့ ဝိုင်းဝန်းလက်တွဲပြီးတော့ တွန်းလှန်ရမည့်အချိန်ဖြစ်တယ်။"ဟု TNLA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။

တိုင်းပြည်ဘဏ္ဍာကို စစ်ခေါင်းဆောင်များ လိုသလိုအသုံးပြုခွင့်ရနေသေးသမျှ ပြည်သူလူထုမှာ ဆင်းရဲသထက် ပိုဆင်းရဲသွားသည်က လွဲ၍ တိုင်းပြည်တိုးတက်လာသည်ကို မတွေ့ရဟုလည်း ပြောသည်။

ပြည်သူလူထုထံမှ ကောက်ခံရရှိသည့် ဘဏ္ဍာငွေများနှင့် စစ်လက်နက်ပစ္စည်းများဝယ်ယူပြီး ပြည်သူကို ပြန်လည်တိုက်ခိုက်နေသည့် နိုင်ငံ့တပ်မတော် ကမ္ဘာတွင် မြန်မာစစ်တပ်တစ်ခုတည်းသာရှိသည်ဟုလည်း ပြောသည်။

အာဏာရှင်စစ်တပ်၏ စစ်ရေးအင်အားအရ ဖိနှိပ်တိုက်ခိုက်မှုကြားက အခက်အခဲပေါင်းစုံဖြင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ကို တည်ဆောက်လာကြသည့် ဘဝတူ တော်လှန်ရေးတပ်ဖွဲ့များသည် လက်ရှိစစ်ကောင်စီတပ်၏ ပကတိအခြေအနေများကို ရှုမြင်သုံးသပ်ပြီး တပ်လှုပ်ရှားရာ‌နယ်မြေများအတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို လိုက်လံရှင်းလင်းသိမ်းပိုက်ရမည့်အချိန်ဖြစ်သည်ဟုလည်းဆိုသည်။

#TachileikNewsAgency