NUG က ခွင့်ပြုပေးထားသည့် FOEIM တွင် ကျောင်းအပ်သည်ဟု စွပ်စွဲပြီး အသက်(၇၂)နှစ်ရှိ သက်ကြီးရွယ်အိုကို စစ်ကောင်စီက ဖမ်းဆီးကာ အလုပ်နှင့်ထောင်ဒဏ် (၇)နှစ် ချ

NUG က ခွင့်ပြုပေးထားသည့် FOEIM တွင် ကျောင်းအပ်သည်ဟု စွပ်စွဲပြီး အသက်(၇၂)နှစ်ရှိ သက်ကြီးရွယ်အိုကို စစ်ကောင်စီက ဖမ်းဆီးကာ အလုပ်နှင့်ထောင်ဒဏ် (၇)နှစ် ချ

 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ဖွင့်လှစ်ခွင့်ပြုထားသည့် Free Online Education Institution Myanmar (FOEIM) တွင် တက်ရောက်မည့် ကျောင်းသား၏ အုပ်ထိန်းသူဟုဆိုကာ မတရား ဖမ်းဆီးထားသော အသက်(၇၂)အရွယ် ဒေါ်တင်ရီထွန်းကို အာဏာသိမ်းစစ်ကောင်စီက အလုပ်နှင့် ထောင်ဒဏ်(၇)နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

ဒေါ်တင်ရီထွန်းအား NUG ကျောင်း၌ ကျောင်းအပ်နှံသည့်ကိစ္စ‌ ကြောင့်ဟုဆိုကာ စစ်ကောင်စီကဖမ်းဆီးပြီး (၂)လကျော်ဖြစ်သည့် ၂၀၂၃ခုနှစ် မေလ(၃၁)ရက်နေ့တွင်  စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖြင့်စစ်ဆေးပြီး နောက် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)ဖြင့် မတရားအမှုဆင်ကာ အလုပ်နှင့် ထောင်ဒဏ် (၇)နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ မတ်လ(၁၆)ရက်နေ့က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် (၄)ရပ်ကွက်မှ ဒေါ်တင်ရီထွန်းကို အွန်လိုင်းစနစ်ဖြင့် သင် ကြားသည့် NUG ၏ FOEIM ကျောင်းတွင် တက်ရောက်သူတစ်ဦး၏ အုပ်ထိန်းသူဖြစ်သည်ဟုဆိုကာ စစ်ကောင်စီက စွပ်စွဲဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဒါ့အပြင် တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီ၏ ကျောင်းများတွင် ကျောင်းမအပ်နှံရန် တောင်းဆိုခဲ့ခြင်းကို စစ်ကောင်စီထောက်ခံသူများက ကလေးများအား စာမတတ်မြောက်စေရန် ပိတ်ပင်သည်ဟု ဝေဖန်ခဲ့ကြပြီး ဒေါ်တင်ရီထွန်းကိစ္စကိုလည်း NUG ကျောင်းအပ်ခြင်းကြောင့်ဟု ထပ်မံဝေဖန်ကြပြန်သည်။

စစ်‌ကောင်စီ၏ ထုတ်ပြန်ချက်အရ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်၍ ပြည်သူ(၁၂၇)ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မအသီးသီးဖြင့် ပြစ်ဒဏ်များချမှတ်ခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်ထားသည့် အွန်လိုင်းကျောင်းများကို စစ်ကောင်စီက ကျောင်းသားမိဘအဖြစ်အသွင်ယူကာ ဆက်သွယ်ဖမ်းဆီးခြင်း၊ ကျောင်းအချက်အလက်များ ပေါက်ကြားခြင်းများကြောင့် ဖမ်းဆီးခံရခြင်း များရှိနေခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှ ကြားကာလ ပညာသင်ကြားရေးကျောင်းများဖြစ်သော Free Online Education Institution Myanmar – FOEIM နှင့် Kaung for you (K4U) တို့မှာ အချက်အလက်ပေါက်ကြားအပြီး စစ်ကောင်စီ၏ ဖမ်းဆီးအရေးယူခံရမှုများရှိနေသလို Federal School Of Aung Myay Thar Zan ကျောင်းမှလည်း ဆရာမတချို့ ဖမ်းဆီးခံရခြင်းများရှိခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ဖေဖော်ဝါရီ(၁)ရက်နေ့က စတင်ကာ နိုင်ငံတစ်ဝန်းရှိ ပညာရေးဝန်ထမ်းအများအပြားနှင့် ကျောင်းသား၊ ကျောင်းသူအများက စစ်ကောင်စီ၏ ပညာရေးစနစ်ကို သပိတ်မှောက်ခဲ့ကြခြင်းဖြစ်သည်။