ကန့်ဘလူတွင် မေလ၏(၁၂)ရက်အတွင်း နေအိမ်(၁၇၈)လုံးကို  စစ်ကောင်စီတပ်နှင့်ပျူစောထီးများက မီးရှို့ဖျက်ဆီးပြီး ဒေသခံ(၁၁)ဦးကို ဖမ်းဆီးကာ (၁)ဦးကို သတ်ဖြတ်သွား

ကန့်ဘလူတွင် မေလ၏(၁၂)ရက်အတွင်း နေအိမ်(၁၇၈)လုံးကို  စစ်ကောင်စီတပ်နှင့်ပျူစောထီးများက မီးရှို့ဖျက်ဆီးပြီး ဒေသခံ(၁၁)ဦးကို ဖမ်းဆီးကာ (၁)ဦးကို သတ်ဖြတ်သွား

 စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် မေလ၏ (၁၂)ရက်သာအတွင်း စစ်ကောင်စီတပ်ဖွဲ့များက ကျေးရွာ (၈) ရွာမှ ဒေသခံပိုင်နေ အိမ် (၁၇၈)လုံးအား မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဒေသခံ (၁၁)ဦး ဖမ်းဆီးခံရပြီး (၁)ဦး သတ်ဖြတ်ခံရကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ မေလ (၁) ရက်နေ့မှ (၁၂)ရက်အတွင်းစစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့သည့်ကျေးရွာများမှာ ဇီးကုန်း တိုက်နယ်အတွင်းရှိ ဖိုလ်ကုန်း၊ ထောက်ရှာအိုင်နှင့် ခအုံးတာကျေး ရွာ၊ ကာဘိုးတိုက်နယ်မှ သိုးဘိုးနှင့် ချင်မြစ်ကျင်းကျေးရွာ၊ ထန်းကုန်းတိုက်နယ်မှ သရက်ခေါင်း၊ ဖလံချိုင်နှင့် ညောင်ပေါင်းရင်းကျေးရွာတို့ဖြစ်ကြောင်း သိရသည်။

မေလ (၁)ရက်နေ့က စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ၃၆၁ က ဇီးကုန်းတိုက်နယ်ရှိ ဖိုလ်ကုန်းရွာအား ဒုတိယအကြိမ်မြောက် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် (၃၁)လုံး မီးလောင် ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

ထို့ပြင် ယင်းစစ်ကြောင်းသည် မေလ (၄)ရက်နေ့ကလည်း သရက္ကံကြီးရွာအား ပစ်ခတ်ဝင်ရောက်ပြီးနောက် စိတ်ကျန်းမာရေးမကောင်းသူ အသက် (၅၀) အရွယ် ဦးခိုင်ဇော်ဆိုသူအား ၎င်း၏ အိမ်ဝန်းအတွင်း ၌ ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

ခမရ ၃၆၁ တပ်သည် မေလ (၇)ရက်က ဇီးကုန်းတိုက်နယ် ထောက်ရှာအိုင်ရွာအတွင်း ဝင်ရောက်ပြီးနောက် နေအိမ် (၈၃)လုံးအား မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဒေသခံ (၁၁) ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားရာ ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဟု သိရသည်။ 

ယင်းနေ့တွင်ပင် ကာဘိုးတိုက်နယ်၊ ချင်မြစ်ကျင်းရွာအား ခမရ  (၃၆၈)တပ်မှ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် (၅)လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

အဆိုပါ ခမရ ၃၆၈ စစ်ကြောင်းမှာ ချင်မြစ်ကျင်းရွာမှ ထွက်ခွာပြီးနောက် မေလ (၁၀) ရက်နေ့တွင် သိုးဘိုးရွာသို့ ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ် (၁၅)လုံးအား ထပ်မံမီးရှို့ ဖျက်ဆီးခဲ့သည်ဟု သိရသည်။

ပျူစောထီးစစ်ကြောင်းကလည်း မေလ(၁၀)ရက်နေ့တွင် ထန်းကုန်း တိုက်နယ်အတွင်းရှိ ညောင်ပေါင်ရင်းရွာအား မီးရှို့ဖျက်ဆီးခဲ့သေးသည်ဟု သိရသည်။

မေလ (၁၁)ရက်နေ့တွင် ခမရ -  ၃၆၁ နှင့် ၃၆၈ တပ်များက ထန်းကုန်း တိုက်နယ်အတွင်းရှိ သရက်ခေါင်းနှင့် ဖလံချိုင်ရွာတို့အား ထပ်မံ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ သရက်ခေါင်းရွာမှ နေအိမ် (၅)လုံးနှင့် စာသင်ဆောင် နှစ်ဆောင်၊ ဖလံချိုင်ရွာမှ နေအိမ် (၂၆)လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

မေလ (၁၂)ရက်နေ့တွင် ခမရ ၃၆၁ တပ်သည် ဇီးကုန်းတိုက်နယ်၊ ခအုံးတာကျေးရွာအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် (၁၃)လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

ကျေးရွာများအား မီးရှို့နေသည့် စစ်ကောင်စီ၏ ခမရ ၃၆၁ တပ်အား Kanbalu Underground Warriors အဖွဲ့နှင့် ဒေသ ခံပကဖများက မေလ(၁၁)ရက်နေ့တွင် လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့သေးသည်။

ကန့်ဘလူခရိုင် ဇီးကုန်း၊ ကာဘိုးနှင့် ထန်းကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံ ၂၀,၀၀၀ ခန့်မှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

#TachilekNewsAgency

Photo: ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ (ကန့်ဘလူခရိုင်)