ရွှေဘိုမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးနှစ်ဖွဲ့ ပူးပေါင်း တိုက်ခိုက်

Photo: Who Am I
Photo: Who Am I
ရွှေဘိုမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးနှစ်ဖွဲ့ ပူးပေါင်း တိုက်ခိုက်

 စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးချကာ စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးအဖွဲ့ (၂)ဖွဲ့ပူးပေါင်း၍ တိုက်ခိုက်ကြကြောင်း သိရသည်။



အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ရွှေဘိုမြို့ တက္ကသိုလ်ကျောင်းအတွင်း အခြေပြုတပ်စွဲထားခြင်းဖြစ်ပြီး ရွှေဘို - ကျောက်မြောင်းလမ်းကို စစ်ကြောင်းထိုးလာရာ၌ တအုံကျေးရွာမှ ဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်း သိရသည်။

စစ်ကောင်စီတပ်က အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခံရသူများကို အုံးပေါက်ကျေးရွာတွင် ထားခဲ့ပြီး ဆက်လက်ထွက်ခွာလာရာ ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်ကြသည့် Black Wolf Army နှင့် Who Am I -Army  တို့က  ၂၀၂၃ ခုနှစ် မေလ (၃)ရက်နေ့ နံနက်ပိုင်းတွင် လမ်း၌ ပြောက်ကျားနည်းဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ သေဆုံး၊ ဒဏ်ရာရမှုများရှိပြီး  အုံးပေါက်ရွာဘက်သို့ ပြန်လှည့်သွားကာ အရပ်သားများ၏ ကားများကို ယူဆောင်၍ ၎င်းတို့စခန်းချရာ ရွှေဘိုတက္ကသိုလ် ကျောင်းဘက်သို့ ဆုတ်ခွာသွားကြကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်၏ စစ်ကြောင်းမှ ကျောက်မြောင်းမြို့ ခမရ ၁၂ သို့ ရောက်သွားသည့် စစ်ကား (၂)စီးက ရွှေဘိုဘက်ပြန်လာချိန်တွင်လည်း   Who Am I - ARMY နှင့် Black Wolf- ARMY ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။