ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း သင်္ကြန် အကြတ်နှင့်အတက်နေ့များတွင် လူငယ်(၃)ဦး ရေနစ်သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း သင်္ကြန် အကြတ်နှင့်အတက်နေ့များတွင် လူငယ်(၃)ဦး ရေနစ်သေဆုံး

 ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ကျောက်မဲ၊ သီပေါ နှင့် မိုင်းရယ် - သီပေါအကြား ရေကာတာနှင့်မြစ်များအတွင်း၌ သင်္ကြန်ကာလတွင် ရေနစ်သေဆုံးသည့် လူငယ် (၃)ဦးအထိ ရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းအဖွဲ့များထံက သိရသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း၌ ဧပြီလ(၁၆)ရက်နေ့ သင်္ကြန်အတက်နေ့မှာပင် ကျောက်မဲမြို့နယ်အတွင်း အထက်ရဲရွာ ဒုဌဝတီမြစ်အတွင်း၌ အသက်(၁၅)နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်သေဆုံးခဲ့သလို သီပေါမြို့နယ် နှင့် မိုင်းရယ်မြို့နယ်အကြား ရေကာတာတွင် အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်သေဆုံးခဲ့သည်။

အလားတူ သင်္ကြန်အကြတ်နေ့ဖြစ်သည့် ဧပြီလ(၁၅)ရက်နေ့ကလည်း သီပေါမြို့နယ် နောင်ကပ်ကျေးရွာရှိ ဒုဌဝတီမြစ်အတွင်း လူငယ်တစ်ဦး ရေနစ်သေဆုံးခဲ့သည့်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း သင်္ကြန်ကာလအတွင်း၌ ရေနစ်သေဆုံးသည့် လူငယ်(၃)ဦး ရှိလာခဲ့ခြင်း ဖြစ်သည်။

သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီလ(၁၆)ရက်နေ့က ရေနစ်သေဆုံးသည့် လူငယ်၏ ဖြစ်စဉ်နှင့် ပတ်သက်၍ သီပေါမြို့နယ် နှင့် မိုင်းရယ်မြို့နယ်အကြားရှိ ရေကာတာတွင် အသက်(၁၇)နှစ်အရွယ် စိုင်းနော်ခေးသည် ရေဆင်းချိုးရာမှ ရေနစ် သေဆုံးသွားပြီးနောက် ၎င်း၏ ရုပ်အလောင်းအား ယနေ့ ဧပြီလ(၁၇)ရက်နေ့ နံနက်(၁၁)နာရီခွဲဝန်းကျင်မှ ပြန်လည်ရှာဖွေတွေ့ရှိကြောင်း သိရသည်။



ရေကာတာအတွင်း ရှာဖွေမှုများကို ရှမ်းပြည်မြောက်ပိုင်း နယ်စည်းမခြားပရဟိတ အပါအဝင် သီပေါလူငယ်အရဟိတ၊ ဆိုင်လဲလူငယ်ပရဟိတ၊ နှင့် ဟိတဓရပရဟိတ(မိုင်းရယ်) စသည့် ညီနောင် ပရဟိတအသင်းအဖွဲ့များ စုပေါင်းကာ ပါဝင်ကူညီ  ရှာဖွေ ဆယ်ယူကြပြီး အလောင်းအား ရိုးရာဓလေ့အတိုင်း ရပ်ရွာလူကြီးများဖြင့် ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြကြောင်း သိရသည်။



ပုံအညွှန်း - ၍ သီပေါမြို့နယ် နှင့် မိုင်းရယ်မြို့နယ်အကြားရှိ ရေကာတာတွင် ရေနစ်သေဆုံးသူအား ရှာဖွေရေး နှင့် သင်္ဂြိုလ်ပေးရေးများ လုပ်ဆောင်နေကြစဉ်



 

Photo: နယ်စည်းမခြား(ပရဟိတ) ရှမ်းပြည်နယ်မြောက်ပိုင်း