ဆိပ်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စုကြောင့် ဒေသခံနှစ်သောင်းကျော် တိမ်းရှောင်နေရချိန်  ရွှေ၊ ငွေများနှင့် အဖိုးတန်ပစ္စည်းများကို စစ်အုပ်စုက ယူဆောင်သွား

ဆိပ်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စုကြောင့် ဒေသခံနှစ်သောင်းကျော် တိမ်းရှောင်နေရချိန်  ရွှေ၊ ငွေများနှင့် အဖိုးတန်ပစ္စည်းများကို စစ်အုပ်စုက ယူဆောင်သွား
ဖေဖော်ဝါရီ 17, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း (၄)ရက်ကြာ စစ်ကြောင်းထိုးနေသည့် အာဏာသိမ်းစစ်အုပ်စုကြောင့် ဒေသခံ နှစ်သောင်းဝန်းကျင် တိမ်းရှောင်နေကြရပြီး ဒေသခံများ၏ ရွှေ၊ ငွေနှင့် တန်ဖိုးရှိပစ္စည်းများကို ယူဆောင်သွားကြကြောင်း ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့က စတင်ကာ စစ်ကြောင်းနှစ်ကြောင်းနှင့်ထိုးနေသည့် အာဏာသိမ်းစစ်အုပ်စုကြောင့် ဒေသခံနှစ်သောင်းကျော် နေရပ် စွန့်ခွါနေရသဖြင့်  ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NSP)က လိုအပ်သည့် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းများ စီစဥ်ပေးကာ ကူညီစောင့်ရှောက်ပေးထားရကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၁၃)ရက်နေ့က ပခုက္ကူမြို့နယ်၊ စညောင်းကျေးရွာမှ စတင် ဝင်ရောက်လာသော စစ်ကြောင်းသည် ဆိပ်ဖြူမြို့နယ်၊ အင်းကန်ကျေးရွာအတွင်းသို့ ယောချောင်းကိုဖြတ်ကာ ညနေပိုင်းတွင် စတင်ဝင်ရောက်လာပြီး အင်းကန်ကျေးရွာဘုန်းကြီးကျောင်း၌ ညဘက်စခန်းချတပ်စွဲခဲ့ကြောင်း သိရသည်။

ည (၁၂)နာရီဝန်းကျင်ခန့်တွင် အင်းကန်ကျေးရွာ ဘုန်းကြီးကျောင်းမှ စတင်ထွက်ကာ ဖေဖော်ဝါရီလ (၁၄)ရက်၊ နံနက်ပိုင်းတွင် ဆိပ်ဖြူမြို့နယ်၊ ကျားဘေးကျေးရွာ အနောက်ဘက်ရှိ PDF ယာယီစခန်းတခုကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှူကြောင့် အနီးနားရှိ ဘဲကျကျေးရွာမှ ဒေသခံနှစ်ဦး ထိခိုက်ခဲ့ပြီး စခန်းအတွင်းပစ္စည်းများ ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် တောလမ်းများမှ ဆက်လက်စစ်ကြောင်းထိုးကာ ဆိပ်ဖြူမြို့နယ်၊ ဆားလောက်ကျေးရွာ၊ သံပုရာပင်ကျေးရွာ၊ ဆိုက်ခမ်းကျေးရွာ၊ မြောက်ရွာမကျေးရွာများသို့ ဖြတ်၍ တောင်ရွာမကျေးရွာတွင် စခန်းချတပ်စွဲခဲ့သည်ဟု သိရသည်။

တောင်ရွာမကျေးရွာတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခက်ခဲ့သဖြင့် ဒေသခံ (၃)ဦးဒဏ်ရာရကာ၊ ဆိတ်အကောင်ရေ (၃၀)၊ နွား (၂)ကောင်နှင့် ရေခဲသေတ္တာ ရွှေ၊ ငွေ တန်ဖိုးရှိပစ္စည်းများလဲ ဖော့ကားများနှင့် တင်ဆောင်သွားသည်ဟု သိရသည်။



 

ဖေဖော်ဝါရီလ (၁၆)ရက်တွင် ဆိပ်ဖြူမြို့နယ်၊ တောင်ရွာမကျေးရွာ စစ်ကြောင်းသည် ပခုက္ကူမြို့နယ်၊ ရှားဒူးကျေးရွာ စစ်ကြောင်းနှင့် ပူးပေါင်းခဲ့ပြီး ပခုက္ကူမြို့နယ်၊ ဥယာဥ်စုကျေးရွာ၌ စခန်းချတပ်စွဲထားသည်ဟု သိရသည်။

 

Photo: ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့