ယင်းမာပင်မြို့နယ်အတွင်း မြရိပ်ကျေးရွာတောင်ကုန်း တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား အများအပြားသေဆုံး 

ယင်းမာပင်မြို့နယ်အတွင်း မြရိပ်ကျေးရွာတောင်ကုန်း တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား အများအပြားသေဆုံး 
ဇန်နဝါရီ 26, 2023 | 2021 Military Coup| အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း မြရိပ်ကျေးရွာအနီးရှိ တောင်ကုန်းသို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်အုပ်စု၏ တပ်ဖွဲ့များ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့  ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့၏ နံနက်ပိုင်းက   အနီးကပ် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြားသေကြောင်း မြောက်ယမားပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့( ယင်းမာပင်မြို့)ထံမှ သိရသည်။

ဒေသကာကွယ်ရေး တပ်ပေါင်းစုများရှိနေသည့် အဆိုပါ တောင်ကုန်းကို စစ်ကောင်စီတပ်က အင်အား (၇၀)ဝန်းကျင်ဖြင့် နှစ်ဖက်ညှပ်ကာ စစ်ကြောင်းထိုး တိုက်ခိုက်လာသဖြင့် တပ်ပေါင်းစုနှင့် မီတာ (၂၀)အကွာ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ရှိနေတဲ့ တောင်ကုန်းကိုတက်လာတော့ ကျွန်တော်တို့က အပိုင်ပစ်နိုင်ခဲ့တာပေါ့နော်။ တိုက်ပွဲကပြင်းထန်တယ်၊ နှစ်ဘက်ထိ ခိုက်မှုတွေရှိတယ်။ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးတွေများစွာရှိပါတယ်။ ကျွန်တော်တို့ဘက်ကတော့ မစိုးရိမ်ရဒဏ်ရာတွေတော့ ရခဲ့ပါတယ်။"ဟု မြောက်ယမားပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့- ယင်းမာပင်မြို့၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက Tachileik News Agency ပြောသည်။

တိုက်ပွဲဖြစ်ပြီးနောက် ပြန်လည်ဆုတ်ခွါသွားရသည့် စစ်ကောင်စီတပ်သည် ယင်းမာပင်မြို့နယ်၊ အောင်ချမ်းအေးရွာကို ဝင်ရောက်ခဲ့သည့်အပြင်  ဘန့်ဘွေးရွာမမှ လာသည့် ပျုစောထီးများနှင့် စစ်ကောင်စီတပ်များမှာလည်း ကံစုရွာကိုရောက်ရှိနေကြောင်း သိရသည်။

ယင်းမာပင်နယ်ထဲသို့  စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ယင်းမာပင်မြို့နယ် အောင်ချမ်းသာကျေးရွာတွင် ယနေ့ ဇန်နဝါရီလ(၂၆)ရက်နေ့တွင် ညအိပ်ရန်အတွက် ယာယီတပ်စွဲထားကြောင်း သိရသည်။ 

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် ဒေသခံပြည်သူများကို ဖမ်းဆီး ရိုက်နှက် ညှင်းပမ်းနှိပ်စက်လေ့ရှိသည့်အတွက် လက်ရှိ အခြေအနေများအရ ပြည်သူများနေဖြင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ကြရန် မြောက်ယမားပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(ယင်းမာပင်မြို့)က မေတ္တာရပ်ခံတိုက်တွန်းထားသည်။