ကျေးရွာများတွင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်ရေး တစ်နှစ်ထပ်တိုးကြောင်း ကြေညာသော်လည်း အာဏာရှင်ကို တော်လှန်ရေးနေသည့် PDF များအတွက် မပါဝင်

ကျေးရွာများတွင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်ရေး တစ်နှစ်ထပ်တိုးကြောင်း ကြေညာသော်လည်း အာဏာရှင်ကို တော်လှန်ရေးနေသည့် PDF များအတွက် မပါဝင်
ဇန်နဝါရီ 1, 2023 | 2021 Military Coup| အခြားဒေသများ

 ကျေးရွာများတွင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက်ဟု ပြောဆိုထားသည့် ထုတ်ပြန်ချက်တွင် ပစ်ခတ်တိုက်ခိုက်မှု တစ်နှစ်ထပ်တိုး ရပ်စဲထားသည်ဟု ကြေညာထားသော်လည်း စစ်အာဏာရှင်စနစ်ဖြုတ်ချရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေသူများ အတွက် မပါဝင်ကြောင်း တွေ့ရသည်။

၂၀၂၃ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့ကနေ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအဖြစ် တိုးမြှင့်ကြေညာလိုက်သည့် ကာလအတွင်း စစ်ကောင်စီအဖွဲ့နှင့် ၎င်းတို့၏ အာဏာကို ထိပါးတိုက်ခိုက်မှု မရှိပါက ပြန်တိုက်မည်မဟုတ်ဟု ဆိုလိုသည့် ထုတ်ပြန်ချက်ကို ထုတ်ပြန်ထားခြင်း ဖြစ်သည်။

"နိုင်ငံတော်ကာကွယ်ရေး နှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာ ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေး ဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ရပ်စဲလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်အပ်ပါသည်။"ဟု ထုတ်ပြန်ထားခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ပြည်သူ့ဆန္ဒမပါဝင်ဘဲ လက်နက်အားကိုးဖြင့် နိုင်ငံ့အာဏာကို သိမ်းထားလိုက်ပြီးနောက် ၎င်းတို့ အာဏာတည်မြဲရေးအတွက် လုပ်ဆောင်နေလျက်ရှိရာတွင် ယခင်က တိုင်းရင်းသားဒေသ ကျေးရွာများကို မီးရှို့ဖျက်ဆီးရာမှ ယခုအခါ မြန်မာအများစုနေထိုင်သည့် တိုင်းဒေသကြီးအတွင်း ကျေးရွာများအထိပါ တစ်ရွာဝင် တစ်ရွာထွက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း ဒေသခံများကို ဖမ်းဆီးစစ်ဆေးနှိပ်စက်ခြင်းများ ပြုလုပ်နေလျှက်ရှိသည်။

ထိုသို့ ပြုလုပ်သည်မှာ  PDF များကို ထောက်ခံ ပတ်သက်နေ၍ လုပ်ဆောင်သည်ဟု အထက်ဌာနသို့ တင်ပြလေ့ရှိသော်လည်း တကယ့်မြေပြင်တွင် ရမ်းသမ်းပစ်ခတ်၊ ရမ်းသမ်းဖမ်းဆီးပြီး နေအိမ်များကို စိတ်ထင်တိုင်းကြဲကာ မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။ 

အာဏာသိမ်းစစ်ကောင်စီသည် ထုတ်ပြန်ချက်များ ထုတ်သည့်အခါတိုင်း ၎င်းတို့ လိုသလို စကားလုံးများကို သုံးစွဲ ရည်ညွှန်းကာ ထုတ်ပြန်လေ့ရှိသည်။