လောင်းရှည်မြို့နယ်အတွင်း စစ်ကောင်စီ၏ တပ်စွဲထားသည့် စက်တော်ရာကုန်းကနေ ထွက်ပြေးသွားသည့် စစ်သား(၂)ဦး ပြည်သူ့ရင်ခွင်သို့ ခိုလှုံလိုပါက လောင်းရှည် PDF ထံ ဆက်သွယ်ရန် အသိပေးနှိုးဆော်ထား

 လောင်းရှည်မြို့နယ်အတွင်း စစ်ကောင်စီ၏ တပ်စွဲထားသည့် စက်တော်ရာကုန်းကနေ ထွက်ပြေးသွားသည့် စစ်သား(၂)ဦး ပြည်သူ့ရင်ခွင်သို့ ခိုလှုံလိုပါက လောင်းရှည် PDF ထံ ဆက်သွယ်ရန် အသိပေးနှိုးဆော်ထား
ဖေဖော်ဝါရီ 17, 2022 | အခြားဒေသများ

မကွေးတိုင်း၊ လောင်းရှည်မြို့ စက်တော်ရာကုန်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားနှစ်ဦး ယနေ့ဖေဖော်ဝါရီလ(၁၇) ရက်၊ နေ့လည်ပိုင်းက ထွက်ပြေးသွားသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်နှင့်ဆက်သွယ်ရန် LSRPDF က ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် မနေလို၍ ပြည်သူ့ရင်ခွင်သို့ ခိုလှုံချင်ကြသော ပြည်သူ့ဘက်တော်သား တပ်မတော်သားများနှင့် ရဲဝန်ထမ်းများအနေဖြင့် လောင်းရှည်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ ဆက်သွယ်လာပါက ကောင်းမွန်စွာ ခိုလှုံခွင့်ပေးထားမည်ဖြစ်ပြီး လွတ်မြောက်နယ်မြေသို့ သွားရောက် လိုပါကလည်း ပိုဆောင်ပေးမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဝင်မနားနယ်မြေရဲစခန်းမှ ရဲတပ်သားနှစ်ဦးသည်  G4 သေနတ်တစ်လက်၊ ကျည် အတောင့်(၃၅၀)နှင့်ကျည်ဘောက်(၂)ခုဖြင့်  ဖေဖော်ဝါရီလ(၁၅)ရက်က လာရောက်ခိုလှုံခဲ့ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF)က ယနေ့တွင် ထုတ်ပြန်ထားသေးသည်။ 

 

ပြီးခဲ့သည့် ရက်ကလည်း လေတပ်မှ ဗိုလ်ကြီးတစ်ဦး၊ အရာခံဗိုလ်နှစ်ဦးသည် ပြည်သူ့ထံခိုဝင်လာသဖြင့် လွတ်မြောက်နယ်မြေတွင် ကောင်းမွန်စွာထားရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များက ထုတ်ပြန်ထားကြသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းပြီး (၁၀)လအတွင်း ဆက်လက်ပြီး တာဝန်မထမ်းလိုသည့်အတွက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင်ပါဝင်လာသည့် ရဲနှင့် စစ်သားစုစုပေါင်း(၈,၀၀၀) ကျော်ရှိခဲ့ကာ စစ်သား (၂,၀၀၀)ကျော်နှင့် ရဲ(၆,၀၀၀) ကျော်ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ထားသည်။