KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ရေးဗျူဟာကြောင့် စစ်ကောင်စီတပ်က လေကြောင်း အားကိုးနေရ

Photo: Cobra စစ်ကြောင်း
Photo: Cobra စစ်ကြောင်း
KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ရေးဗျူဟာကြောင့် စစ်ကောင်စီတပ်က လေကြောင်း အားကိုးနေရ
နိုဝင်ဘာ 10, 2022 | 2021 Military Coup| အခြားဒေသများ

 အာဏာသိမ်းစစ်ကောင်စီတပ်က KNLA နှင့် ပူးပေါင်းတပ်များ၏ စစ်ရေးဗျူဟာကြောင့်  လေကြောင်းပစ်ကူ၏ အင်အားကိုပါ ရယူပြီး လေကြောင်းဖြင့် ကင်းထောက်ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်နေကြောင်း Cobra စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

ယနေ့ ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်ကနေ နေ့လည်(၁)နာရီအတွင်း အာဏာသိမ်းစစ်တပ်၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ် (မော်လမြိုင်) ၏ ဝေါ်လေဗျူဟာတွင် အခြေပြုသော Mi -35 P အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပူးပေါင်းတပ်ဖွဲ့များကို ဘလက်တိုကျေးရွာ နှင့် အနီးဝန်းကျင်များသို့ (၂)ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 Cobra စစ်ကြောင်း

 Mi -35 P အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်နေစဉ် အတွင်းမှာပင် မင်္ဂလာဒုံလေတပ်စခန်းမှ MPA ATR (42) အမျိုးအစား လေယာဉ်အမှတ် (၀၀၀၆) ကင်းထောက် လေယာဉ်ဖြင့် လေ့ကေ့ကော်၊ ဖလူး၊ မင်းလက်ပံ၊ သဲဖြူချောင်း၊ လူခို့၊ ဘလက်တို၊ သေ့ဘော့ဘိုး ကျေးရွာအနီးဝန်းကျင်ဒေသများသို့ ကင်းထောက် ပျံသန်းသည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်၏ တပ်မ(၄၄)လက်အောက်ခံ တပ်များကို KNLA တပ်ရင်း (၂၇) Cobra ပူးပေါင်းစစ်ကြောင်း၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း တပ်ခွဲ (၂) ၊ Federal Wings ဒရုန်းအဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့ စသည့် ပူးပေါင်းတပ်ဖွဲ့များက  နောက်မဆုတ်ပဲ မလျော့သော လုံ့လဖြင့် တိုက်ပွဲဝင်လျက်ရှိသည်ဟု သိရသည်။

"ယနေ့ နှစ်ဖက်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်များက (၁၂၀) မမ လက်နက်ကြီးများဖြင့် ပူးပေါင်းတပ်ဖွဲ့များအား ပစ်ခတ်ခြင်း၊ ရဟတ်ယာဉ်များဖြင့် ခြေမှုန်းတိုက်ခိုက်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့များမှ တစ်လက်မ မျှ နောက်မဆုတ်ပဲ မလျော့သော လုံ့လဖြင့် တိုက်ပွဲဝင်လျက်ရှိပါသည်"ဟု Cobra စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

အာဏာသိမ်း စစ်ကောင်စီတပ်သည် မြေပြင်တွင် အထိနာသည့်အချိန်တိုင်းတွင်  လေကြောင်းတိုက်ခိုက်မှုကို ကျင့်သုံးလေ့ရှိသည်။

#TachileikNewsAgency