စစ်တပ်‌ထောက်ခံသူ ကျော်စိုးဦး ဖမ်းဆီးခံရခြင်း‌ကို စစ်တပ်လော်ဘီများ နှုတ်ဆိတ်နေရ

စစ်တပ်‌ထောက်ခံသူ ကျော်စိုးဦး ဖမ်းဆီးခံရခြင်း‌ကို စစ်တပ်လော်ဘီများ နှုတ်ဆိတ်နေရ

အာဏာသိမ်းစစ်ကောင်စီကိုထောက်ခံသည့် ကျော်စိုးဦးကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် မတ်လ(၁၉)ရက်နေ့တွင် ဖမ်းဆီးပြီး နေပြည်တော်အချုပ်ထောင်သို့ ပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။

နေပြည်တော်တွင်ပုန်းခိုကာ စစ်ကောင်စီလုပ်သမျှထောက်ခံကြောင်း ပြောဆိုခဲ့သည့် People Media အယ်ဒီတာချုပ် ကျော်စိုးဦးသည် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနကို ဝေဖန်မှုဖြင့် ဖမ်းဆီးခံရကာ ယနေ့ မတ်လ(၂၁)ရက်န့ ညနေပိုင်းတွင် နေပြည်တော်အချုပ်ထောင်သို့ ပို့ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုးဦးဖမ်းဆီးခံရသည့် အကြောင်းရင်းမှာ ကချင်လွတ်လပ်‌ရေးတပ်မတော်(KIA)နှင့် တိုက်ပွဲတွင် သေဆုံးသွားသည့် ရဲအုပ်နေလင်းဟိန်း နာရေးသို့ အထက်လူကြီးများက သွားရောက်ခြင်းမရှိ၍ ဝေဖန်ပြောဆိုရာက ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ၎င်းနှင့်နီးစပ်သူများက Tachileik News Agency ကိုအတည်ပြုသည်။

စစ်တပ်အာဏာသိမ်းစဉ်က တညီတညွတ်တည်း ဝိုင်းဝန်းလော်ဘီလုပ်ခဲ့သူများပင် ကျော်စိုးဦး ဖမ်းဆီးခံရသည့် ကိစ္စကို နှုတ်ဆိတ်နေကြပြီး ၎င်းအား ပုဒ်မ ၅၀၅(က)ဖြင့် နေပြည်တော် အချုပ်ထောင်သို့ ပို့ဆောင်လိုက်သည်မှာလည်း မှန်ကန်ကြောင်း ထပ်မံအတည်ပြုသည်။

"ရုံးကိုဝင်စီးတယ်။ အကုန်သယ်သွားတယ်။ ကျော်စိုးဦးကို (၂)ရက် စစ်မေးပြီးတော့ ဇဗ္ဗူသီရိမြို့နယ်တရားရုံးမှာ ရုံးထုတ်တယ်။ ပြီးတော့ အချုပ်ထောင်ပို့လိုက်တယ်။ သူနဲ့အတူ လော်ဘီလုပ်သူတွေလည်း အံ့အားသင့်သွားကြတာပေါ့။ သူ့ကိုတောင် ဖမ်းတယ်ဆိုတော့ တခြားသူတွေလည်း အရင်လို မဝေဖန်ရဲတော့ဘူး။ ကြောက်သွားကြတာပေါ့။"ဟု ကျော်စိုးဦးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

People Mediaသည် ယခင်က ကြံ့ဖွံ့ပါတီပိုင် ပြည်ထောင်စုနေ့စဉ်သတင်းစာကို ပြောင်းလဲလိုက်သည့် စစ်တပ်လော်ဘီဌာနတစ်ခုဖြစ်ကာ ကျော်စိုးဦးသည် ယခင်ကတည်းကပင် ပြည်ထောင်စုနေ့စဉ်သတင်းစာ၏ သတင်းထောက်ဖြစ်သည်။

ပြည်ထောင်စုနေ့စဉ်သတင်းစာသည် ၂၀၁၀ ခုနှစ်က ကြံ့ဖွံ့ပါတီ သန်းခေါင်ယံမဲများဖြင့် အနိုင်ရပြီးနောက် ကြံ့ဖွံ့ပါတီ၏ ရံပုံငွေဖြင့်  ၂၀၁၃ ခုနှစ်‌ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ထုတ်ဝေကာ ဒီချုပ်ပါတီကို တိုက်ခိုက်ပြီး ၎င်းတို့ပါတီကောင်းကြောင်းများကို ထုတ်ပြန်ခဲ့ရာက ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းသည့်အချိန်တွင် People Media အဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

#TachileikNewsAgency