Facebook ၏မိခင်ကုမ္ပဏီ Meta က ဝန်ထမ်းတစ်သောင်းကျော်ကို အလုပ်ထုတ်

Facebook ၏မိခင်ကုမ္ပဏီ Meta က ဝန်ထမ်းတစ်သောင်းကျော်ကို အလုပ်ထုတ်
By Mr John

ကမ္ဘာ့လူသုံးအများဆုံး ဆိုရှယ်မီဒီယာ Facebook ၏ မိခင်ကုမ္ပဏီ Meta Platforms Inc. က ဝန်ထမ်း (၁၁,၀၀၀) ကို အလုပ်ထုတ်မည်ဟု ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့တွင် ကြေညာလိုက်ရာ Meta ၏ ဝန်ထမ်းအင်အား (၁၃) ရာခိုင်နှုန်း အလုပ်ထုတ်ခံရမည်ဖြစ်သည်။

Facebook အပြင် Instagram နှင့် WhapsApp ကိုလည်း ပိုင်ဆိုင်ထားသည့် Meta က ကမ္ဘာတဝန်းရှိ ၎င်း၏ဝန်ထမ်း (၈၇,၀၀၀) ကျော်အနက်မှ (၁၁,၀၀၀) ကို အလုပ်ထုတ်သွားမည်ဟု အတည်ပြုခဲ့ခြင်းဖြစ်သည်။

Meta က ဝန်ထမ်းအရေအတွက် ထောင်နှင့်ချီ အလုပ်ထုတ်ရန် စီစဥ်နေကြောင်း အစောပိုင်းကတည်းက သတင်းထွက်နေခဲ့ခြင်းဖြစ်ပြီး ကနဦးပိုင်းတွင် Meta က မှတ်ချက်ပေးခြင်းမပြုဘဲ နေခဲ့ခြင်းဖြစ်သည်။

 Meta ၏ (၁၈) နှစ်ကြာ သမိုင်းတစ်လျှောက်တွင် ဝန်ထမ်းများကို အစုလိုက်အပြုံလိုက် အလုပ်ထုတ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး  Meta အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်က ဝန်ထမ်းလျှော့ချရခြင်းမှာ Meta ၏ သမိုင်းတွင်  အခက်ခဲဆုံးဖြစ်သည်ဟု ပြောသည်။

"ဒါက လူတိုင်းအတွက် ခက်ခဲတယ်ဆိုတာ ကျနော် သိပါတယ်။ အလုပ်ထုတ်ခံရသူတွေအတွက် အထူးပဲ စိတ်မကောင်းပါဘူး" ဟု Meta အမှုဆောင်အရာရှိချုပ် ဇူကာဘတ်က ထုတ်ပြန်ချက်တွင် ရေးထားသည်။ 

အွန်လိုင်းရောင်းဝယ်မှုက ယခင်လမ်းကြောင်းများအတိုင်း ပြန်ဖြစ်သွားခြင်းသာမက မက်ခရိုစီးပွားရေးကျဆင်းလာမှု၊ အပြိုင်အဆိုင်များလာမှုနှင့် ကြော်ငြာဆုံးရှုံးရမှုတို့ကြောင့် ကုမ္ပဏီ၏ဝင်ငွေမှာ ၎င်းခန့်မှန်းထားသည်ထက် များစွာလျော့နည်းခဲ့ကြောင်းလည်း ဇူကာဘတ်က ပြောသည်။

ဇူကာဘတ်က လူအများ နေထိုင်နိုင်၊ အလုပ်လုပ်ကိုင်နိုင်၊ ဈေးရောင်းဈေးဝယ်လုပ်နိုင်ပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပြောဆိုဆက်ဆံနိုင်သည့် metaverse ခေါ် ပုံရိပ်ယောင် အွန်လိုင်းကမ္ဘာ စီမံကိန်းတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေပြီး အဆိုပါ  ရင်းနှီးမြှုပ်နှံမှုများမှ အကျိုးအမြတ်ကို ခံစားရရှိရန် ဆယ်စုနှစ်တစ်ခုခန့် ကြာမည်ဟု  ခန့်မှန်းထားသည်။

အတိုးနှုန်းများ မြင့်တက်ခြင်း၊ ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းနှင့် ဥရောပတွင် စွမ်းအင်အကျပ်အတည်းတို့ကြောင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေရာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ် ဝယ်ယူလိုက်သည့် Twitter နှင့် Microsoft Corp. အပါအဝင် အခြား နည်းပညာကုမ္ပဏီကြီးများတွင် ဝန်ထမ်းအရေအတွက် ထောင်နှင့်ချီ အလုပ်ထုတ်ခဲ့ပြီးနောက် Meta ကလည်း အလားတူ အလုပ်ထုတ်မှုများ လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

Source: BBC, Reuters