ချင်းမိုင်သင်္ကြန်ပွဲကို ခရီးသွားများ သန်းနှင့်ချီ လာရောက်မည်ဟု မျှော်မှန်းထား

ချင်းမိုင်သင်္ကြန်ပွဲကို ခရီးသွားများ သန်းနှင့်ချီ လာရောက်မည်ဟု မျှော်မှန်းထား
By Mr John

 ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် (၁၀) ရက်ကြာ ကျင်းပသွားမည့် ၂၀၂၄ ခုနှစ် သင်္ကြန်ပွဲတော်ကို ခရီးသွားများ သန်းနှင့်ချီ လာရောက်ပြီး ထိုင်းဘတ်ငွေ (၂၀) ဘီလီယံ ဝင်ငွေရမည်ဟု မျှော်မှန်းထားသည်။

 ၂၀၂၄ ခုနှစ် ဧပြီလ (၇) ရက်မှ (၁၇) ရက်အထိ ကျင်းပသွားမည့် ချင်းမိုင်သင်္ကြန်ပွဲတော်မှာ ယခင်ထက် ထူးခြားပြီး လန်နာပြည် သို့မဟုတ် ချင်းမိုင်ပြည် ယဥ်ကျေးမှု ထိန်းသိမ်းရန် သာမကဘဲ ချင်းမိုင်မြို့ (၇၂၈) နှစ်ပြည့် အထိမ်းအမှတ်လည်း ဖြစ်ကြောင်း ချင်းမိုင်ပြည်နယ်၏ ဒုအုပ်ချုပ်ရေးမှူး Weearapong Rithrod နှင့် ချင်းမိုင်မြို့၏ မြို့တော်ဝန် Assanee Buranupakorn တို့က ပြောသည်။

ထိုင်းသင်္ကြန်ကို UNESCO (United Nations Educational, Scientific and Cultural Organization) ၏ ယဥ်ကျေးမှု အမွေအနစ်စာရင်းတွင် မကြာသေးမီက ထည့်သွင်းသတ်မှတ်လိုက်ရာ ယခုနှစ် သင်္ကြန်ပွဲတော်မှာ ယခင်နှစ်များနှင့်မတူဟု ဆိုသည်။ 

ထို့အပြင် ယဥ်ကျေးမှုဝန်ကြီးဌာနက ချင်းမိုင်ပြည်နယ်ကို ယဥ်ကျေးမှုနှင့် ရိုးရာဓလေ့များနှင့် အထင်ကရအဖြစ်ဆုံး ပြည်နယ် (၅) ခုအနက် တစ်ခုအဖြစ် ရွေးချယ်ထားသည်။

ချင်းမိုင်သင်္ကြန်မှာ ယဥ်ကျေးမှု ထိန်းသိမ်းရေးနှင့် ခေတ်သစ် သင်္ကြန်ပွဲတော် ပျော်ရွှင်စရာများကို သဟဇာတဖြစ်စွာ ပေါင်းစပ်ထားမှုတစ်ခု ဖြစ်လိမ့်မည်ဟု ဒုအုပ်ချုပ်ရေးမှူး Weearapong က ဆိုသည်။ 

ချင်းမိုင်မြို့တော်ဝန် Assanee ကလည်း ယဥ်ကျေးမှုနှင့် ရိုးရာဓလေ့ ထိန်းသိမ်းမှုနှင့်အတူ သင်္ကြန်ပွဲတော်က ပြည်နယ်၏ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းကို သိသိသာသာ မြှင့်တင်ရန်လည်း ရည်ရွယ်ထားကြောင်း ပြောသည်။

ချင်းမိုင်သင်္ကြန်ကို ပြည်တွင်းနှင့် နိုင်ငံတကာမှ ခရီးသွားများ သန်းနှင့်ချီ လာ‌ရောက်ကြမည်ဟု ကြိုတင်မျှော်မှန်းထားသည်။ 

သင်္ကြန်ပွဲတော် လာရောက်ဆင်နွှဲသူများ၏ ဘေးကင်းမှုနှင့် လုံခြုံမှုအတွက် ပြည်နယ်ရဲတပ်ဖွဲ့က ချင်းမိုင်မြို့ ဧရိယာတွင် ရဲအရာရှိ (၁,၅၀၀) ကို တာဝန်ချထားမည်ဖြစ်ပြီး ပြည်နယ်တစ်ခုလုံးတွင် နောက်ထပ် ရဲအရာရှိ (၃,၀၀၀) ဖြန့်ကျက်ထားမည်ဟု သိရသည်။

Source: The Thaiger