အင်ဒိုနီးရှားတွင် ချောင်းဆိုးပျောက်ဆေးနှင့် အဖျားပျောက်ဆေးတို့ကြောင့် ဆုံးသည့် ကလေးငယ် ၂၀၀ နီးပါးအထိ တိုးလာ

Photo: Jakata Post
Photo: Jakata Post
အင်ဒိုနီးရှားတွင် ချောင်းဆိုးပျောက်ဆေးနှင့် အဖျားပျောက်ဆေးတို့ကြောင့် ဆုံးသည့် ကလေးငယ် ၂၀၀ နီးပါးအထိ တိုးလာ
By Mr John

အင်ဒိုနီးရှားနိုင်ငံတွင် ethylene glycol နှင့် diethylene glycol ဓာတုပစ္စည်းများ ခွင့်ပြုပမာဏထက် လွန်ကဲပါဝင်နေသည့် ချောင်းဆိုးပျောက်ဆေးရည်နှင့် အဖျားပျောက်ဆေးရည်များကြောင့် ကျောက်ကပ်ပျက်စီးကာ သေဆုံးရသည့် ကလေးငယ်အရေအတွက်မှာ (၁၉၅)ဦးအထိ မြင့်တက်လာသည်ဟု အစိုးရတာဝန်ရှိသူများက ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၇) ရက်တွင် ထုတ်ပြန်သည်။

အင်ဒိုနီးရှားတွင် ဩဂုတ်လကတည်းက ပြင်းထန်သည့် ကျောက်ကပ်ထိခိုက်ပျက်စီးမှုများ မြင့်တက်နေခဲ့ရာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ပြီးနောက် ချောင်းဆိုးပျောက်ဆေးရည်နှင့် အဖျားပျောက်ဆေးရည်ကဲ့သို့ ဆေးရည်များအားလုံးကို ရောင်းချမှုပိတ်ပင်လိုက်ကြောင်း သိရသည်။

နိုင်ငံတဝန်းတွင် ကျောက်ကပ်ထိခိုက်ပျက်စီးမှုကြောင့် ဆေးရုံတက်နေရသည့်လူနာပေါင်း (၃၂၀)ကျော် ရှိနေပြီး ယင်းတို့အနက် (၂၇)ဦးမှာ ဆေးရုံအသီးသီးတွင် ကုသမှုခံယူနေရဆဲဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်ဟု သိရသည်။

ပြင်းထန်သည့် ကျောက်ကပ်ထိခိုက်မှု ဖြစ်ပွားသည့် ကလေးအများစုမှာ အသက် (၅) နှစ်အောက်ကလေးများဖြစ်ကြပြီး အောက်တိုဘာလ (၂၁)ရက်နေ့အထိ သေဆုံးသွားသည့်ကလေးအရေအတွက် (၁၃၃)ဦးရှိခဲ့သည်ဟု ထုတ်ပြန်ထားခဲ့ပြီးနောက် သီတင်းပတ် (၂)ပတ်ကျော်အတွင်း (၁၉၅)ဦးအထိ တိုးလာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း အင်ဒိုနီးရှား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနက ethylene glycol နှင့် diethylene glycol အန္တရာယ်ရှိသည့်ပမာဏ ပါဝင်နေသော ဆေးရည် (၅) မျိုးကို အမည်ထုတ်ဖော်ကြေညာခဲ့ပြီး ထိုဆေးရည်များကို ဈေးကွက်မှဖယ်ရှားပြီး ဖျက်ဆီးပစ်ရန် ညွှန်ကြားခဲ့သည်။ 

ရဲတပ်ဖွဲ့က ပြည်တွင်းဆေးဝါးကုမ္ပဏီ (၃) ခုကို စုံစမ်းစစ်ဆေးခဲ့ပြီး ၎င်းတို့အနက် ကုမ္ပဏီ (၂) ခုကို ဆေးရည်ထုတ်လုပ်ခွင့်လိုင်စင် ယာယီရုပ်သိမ်းခဲ့သည်။

ယခုကဲ့သို့ ကျောက်ကပ်ပြင်းထန်စွာ ထိခိုက်ပျက်စီးမှု အများအပြားမဖြစ်ပွားမီကတည်းက ပုံမှန်အားဖြင့် တစ်လလျှင် (၂)ဦးမှ (၅)ဦးအထိ ကျောက်ကပ်ထိခိုက်လူနာများကို စစ်ဆေးတွေ့နေရသည်ဟု သိရသည်။

အနောက်အာဖရိကရှိ ဂမ်ဘီယာနိုင်ငံတွင်လည်း မကြာသေးမီကာလက ကလေးငယ်အများအပြားသေဆုံးမှုကို စစ်ဆေးရာမှ

 အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက်ဆေးရည်များကြောင့် သေဆုံးရကြောင်း စစ်ဆေးတွေ့ရပြီးနောက် အင်ဒိုနီးရှားတွင်လည်း ကလေးများ သေဆုံးမှုနှင့်ပတ်သက်၍ လိုအပ်သည့် စစ်ဆေးမှုများ လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာလ အစောပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း - WHOက ဂမ်ဘီယာနိုင်ငံမှ ကလေးငယ် (၇၀) နီးပါး သေဆုံးမှုမှာ အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက်ဆေးရည် (၄) မျိုးနှင့် ဆက်နွယ်နေကြောင်း အတည်ပြုခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ သတိပေးချက် ထုတ်ပြန်ခဲ့သည်။ 

အဆိုပါချောင်းဆိုးပျောက်ဆေးရည်များတွင် diethylene glycol နှင့် ethylene glycol ဓာတုဗေဒပစ္စည်းများ ခွင့်ပြုပမာဏထက် ပိုမိုပါဝင်နေကြောင်း WHO က ကြေညာထားသည်။

Source: AFP