အင်ဒိုနီးရှားတွင် ချောင်းဆိုးပျောက်ဆေးရည်ကြောင့် ကျောက်ကပ်ထိခိုက်ပြီး သေဆုံးသည့် ကလေးငယ် (၁၃၃)ဦးအထိ မြင့်တက်လာ

အင်ဒိုနီးရှားတွင် ချောင်းဆိုးပျောက်ဆေးရည်ကြောင့် ကျောက်ကပ်ထိခိုက်ပြီး သေဆုံးသည့် ကလေးငယ် (၁၃၃)ဦးအထိ မြင့်တက်လာ
By Mr John

 အင်ဒိုနီးရှားနိုင်ငံတွင် ပြင်းထန်သည့် ကျောက်ကပ်ထိခိုက်မှု acute kidney injury (AKI) ကြောင့် သေဆုံးသည့် ကလေးငယ်အရေအတွက်မှာ ယခင် (၉၉) ဦးကနေ (၁၃၃) ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးက အောက်တိုဘာလ (၂၁) ရက်နေ့တွင် ပြောသည်။ 

ပြည်နယ် (၂၂) တွင် AKI ကြောင့် စုစုပေါင်း သေဆုံးသူ (၂၄၁) ဦးအနက် ကလေးငယ် (၁၃၃) ဦးအထိ ပါဝင်နေခြင်းဖြစ်ပြီး အများစုမှာ အသက် (၅) နှစ်အောက်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး Budi Gunadi Sadikin က ဖြည့်စွက်ပြောသည်။

ဝန်ကြီး Budi ၏ အောက်တိုဘာလ (၂၀) ရက်နေ့ ပြောကြားမှုအရ အင်ဒိုနီးရှားတွင် ရောင်းချနေသည့် ဆေးရည်အချို့၌ ethylene glycol နှင့် diethylene glycol ဓာတုပစ္စည်းများ ပါဝင်နေကြောင်းနှင့် ထိုပါဝင်ပစ္စည်းများက ကလေးငယ်များတွင် ပြင်းထန်သည့် ကျောက်ကပ်ထိခိုက်မှုနှင့် ဆက်နွယ်နေကြောင်း သိရသည်။

အင်ဒိုနီးရှားအာဏာပိုင်များက နိုင်ငံတွင် သောက်ဆေးအရည် ရောင်းချမှုအားလုံးကို ယာယီရပ်ဆိုင်းထားပြီး ကလေးငယ်များကြား AKI ဖြစ်ပွားမှုများ မြင့်တက်မှုကို ဆန်းစစ်လေ့လာရန် ပြည်တွင်း ကျန်းမာရေးအရာရှိများနှင့် ကလေးအထူးကုများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) ကိုယ်စားလှယ်များ ပါဝင်သော ကျွမ်းကျင်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

အင်ဒိုနီးရှား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနကလည်း ethylene glycol ခွင့်ပြုပမာဏထက် ပိုမိုပါဝင်နေသည့် ပြည်တွင်းထုတ် သောက်ဆေးအရည် (၅) မျိုးကို အမည်ထုတ်ပြန်ခဲ့ပြီး ထုတ်လုပ်သူများအနေဖြင့် ထိုဆေးရည်များကို ဈေးကွက်မှပြန်သိမ်းရန်နှင့် ကျန်ရှိနေသည့်ထုတ်ကုန်များကို ဖျက်ဆီးပစ်ရန် ညွှန်ကြားထားကြောင်း သိရသည်။

ယခုလ အစောပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က ဂမ်ဘီယာနိုင်ငံမှ ကလေးငယ် (၇၀) နီးပါး သေဆုံးမှုမှာ အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက်ဆေးရည် (၄) မျိုးနှင့် ဆက်နွယ်နေကြောင်း ကမ္ဘာလုံးဆိုင်ရာ သတိပေးချက် ထုတ်ပြန်ခဲ့သည်။ 

ထိုချောင်းဆိုးပျောက်ဆေးရည်များကို အိန္ဒိယဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီက ထုတ်လုပ်ခြင်းဖြစ်ပြီး diethylene glycol နှင့် ethylene glycol ဓာတုဗေဒပစ္စည်းများ ခွင့်ပြုပမာဏထက် ပိုမိုပါဝင်နေကြောင်း WHO က တွေ့ရှိခဲ့သည်။

ထိုဓာတုပစ္စည်းများက အဆိပ်သင့်စေနိုင်ပြီး ပြင်းထန်သည့် ကျောက်ကပ်ထိခိုက်မှု ဖြစ်စေနိုင်ကြောင်း သိရသည်။ 

ဂမ်ဘီယာကလေးငယ်များ သေဆုံးမှုနှင့် ဆက်နွယ်နေသည့် ချောင်းဆိုးပျောက်ဆေးရည် (၄) မျိုးမှာ Maiden Pharmaceuticals က ထုတ်လုပ်နေသော Promethazine Oral Solution, Kofexmalin Baby Cough Syrup, Makoff Baby Cough Syrup နှင့် Magrip N Cold Syrup တို့ဖြစ်ကြောင်း WHO က ထုတ်ပြန်ထားသည်။

Source: Reuters