မျိုးရိုးအမည် Ma ပါရှိသူ အဖမ်းခံရသည့် သတင်းကြောင့် Jack Ma ၏ Alababa ကုမ္ပဏီတန်ဖိုး ဒေါ်လာ (၂၆) ဘီလီယံ လျော့ကျသွားခဲ့

မျိုးရိုးအမည် Ma ပါရှိသူ အဖမ်းခံရသည့် သတင်းကြောင့် Jack Ma ၏ Alababa ကုမ္ပဏီတန်ဖိုး ဒေါ်လာ (၂၆) ဘီလီယံ လျော့ကျသွားခဲ့
By Mr John

 တရုတ်နိုင်ငံတွင် မျိုးရိုးအမည် "Ma" ပါရှိသူတစ်ဦးကို နိုင်ငံတော်လုံခြုံရေး အကြောင်းပြချက်ဖြင့် ဖမ်းဆီးလိုက်ကြောင်း အစိုးရသတင်းဌာက သတင်းဖော်ပြခဲ့ပြီးနောက် တရုတ် e-commerce ထိပ်သီးပုဂ္ဂိုလ် Jack Ma ပူးတွဲတည်ထောင်ထားသည့် Alibaba Group ရှယ်ယာဈေးနှုန်းမှာ မေလ (၃) ရက်နေ့က (၉.၄) ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့သည်။



တရုတ်အစိုးရသတင်းဌာန CCTV က ပြောကြားမှုအရ အဆိုပါ သံသယရှိသူကို တရုတ်ဆန့်ကျင်ရေး ရန်လိုသည့်အင်အားစုများနှင့် ပူးပေါင်းကြံစည်ပြီး ခွဲထွက်ရေးလှုံ့ဆော်မှုနှင့် နိုင်ငံတော်အာဏာကို အဖျက်အမှောင့်ပြုရန် လှုံ့ဆော်မှုတို့အတွက် မသင်္ကာမှုဖြင့် ဧပြီ (၂၅) ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

၎င်းကို Alibaba ကုမ္ပဏီ အခြေစိုက်သည့် Hangzhou မြို့တွင် ဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။



စာကြောင်းတစ်ကြောင်းဖြင့် ဖော်ပြထားသည့် ထိုသတင်းကို အခြား တရုတ်အစိုးရသတင်းဌာနတွေကလည်း ရယူဖော်ပြခဲ့ကြရာမှ တရုတ်သတင်းရပ်ဝန်းတွင် အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။

ထိုသတင်းပျံ့နှံ့လာခဲ့ပြီးနောက် ဟောင်ကောင်ဈေးကွက်တွင် Alibaba ရှယ်ယာများကို ကြောက်လန့်တကြား ရောင်းချခဲ့ကြရာ Alibaba ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၂၆) ဘီလီယံအထိ လျော့နည်းကျဆင်းသွားခဲ့ကြောင်း သိရသည်။



ထိုသို့ ရုတ်ရုတ်သဲသဲ အခြေအနေဖြစ်လာရာ တရုတ်အစိုးရသတင်းဌာန Global Times ၏ အယ်ဒီတာချုပ်ဟောင်း Hu Xijin က အဆိုပါသတင်းမှာ အထင်အမြင်မှားစေကြောင်း၊ သံသယရှိသူ၏ အမည်မှာ အက္ခရာစာလုံး သုံးလုံးဖြစ်ပြီး Jack Ma ၏ တရုတ်အမည် Ma Yun မှာ အက္ခရာစာလုံး နှစ်လုံးသာဖြစ်ကြောင်း တရုတ်ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Weibo တွင် အလျင်အမြန် ရှင်းပြခဲ့သည်။



ထို့နောက် CCTV သတင်းဌာနကလည်း Hu Xijin ၏ ရှင်းပြချက်ကို ၎င်း၏ မူလသတင်းတွင် ဖြည့်စွက်ဖော်ပြခဲ့ကြောင်း သိရသည်။

အထင်အမြင်မှားစေသည့် ထိုသတင်းကြောင့် စိုးရိမ်ပူပန်မှုများကို နောက်ထပ် ရှင်းလင်းသွားစေရန် သံသယရှိသူမှာ ၁၉၈၅ ခုနှစ်က Wenzhou တွင် မွေးဖွားခဲ့ပြီး Jack Ma ကို ၁၉၆၄ ခုနှစ်က Hangzhou တွင် မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း Global Times က ဖော်ပြခဲ့သည်။

သတင်းဌာနများက ထိုသို့ ရှင်းလင်းဖော်ပြမှုများကြောင့် ရှယ်ယာဈေးနှုန်းများ ပြန်တက်လာခဲ့ပြီး ဈေးကွက်ပိတ်ချိန်တွင် Alababa ၏ ဆုံးရှုံးမှု အများစုကို ပြန်လည်ရရှိလာခဲ့ကြောင်း သိရသည်။



Source: CNN