လွိုင်ကော်အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား တစ်ဦးသေဆုံး၊ အလောင်းပြန်မရ

လွိုင်ကော်အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား တစ်ဦးသေဆုံး၊ အလောင်းပြန်မရ
အောက်တိုဘာ 14, 2022 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတစ်ဦး အောက်တိုဘာလ (၁၃)ရက်က ထပ်မံကျဆုံးသွားပြီး ၎င်း၏ ရုပ်အလောင်းကို ပြန်မရကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ယနေ့ အောက်တိုဘာလ(၁၄)ရက်နေ့ တွင် သတင်း ထုတ်ပြန်ထားသည်။

ကျဆုံးနိုင်ငံရေး အကျဉ်းသားမှာ အသက်(၂၁)နှစ်ရှိ မောင်ငယ်ဖြစ်ပြီး  ၂၀၂၁ ခုနှစ်က PDF နှင့် ဆက်နွယ်မှုရှိသည်ဟုဆိုကာ အကြမ်းဖက်ဥပ‌ဒေပုဒ်မ ၅၂ ဖြင့် ထောင်(၅)နှစ်ချမှတ်ခံထား ရသူဖြစ်ကြောင်း သိရသည်။

၎င်းသည် လွိုင်ကော်အကျဉ်းထောင်အတွင်း ကောင်းမွန်စွာ‌ဆေးဝါး ကုသမှု မခံရသောကြောင့် ကျဆုံးခဲ့ရပြီး အလောင်းပြန်မရဟု သိရသည်။

ကရင်နီပြည်နယ်တွင် ရဲချုပ်၊ စစ်ကြောရေး၊ အကျဉ်းထောင်များအတွင်း နိုင်ငံရေးပုဒ်မနှင့် ဖမ်းဆီခံရပြီးနောက် ကျဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား (၇)ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။

ကရင်နီ(ကယား)ပြည်နယ်အတွင်း  ၂၀၂၁ခုနှစ်၊ ဖေဖာဝါရီလ ( ၁ )ရက်နေ့ မှ ၂၀၂၂ခုနှစ် စက်တင်ဘာလ( ၃ဝ )ရက်နေ့အထိ  ဖမ်းဆီးခံရသူ စုစုပေါင်း  (၂၇၃)ဦး ရှိပြီး အာဏာသိမ်းစစ်ကောင်စီတပ်၏ ဖမ်းဆီး၊ ပစ်ခတ် ညှင်းပန်းမှုကြောင့် သေဆုံး ပြည်သူမှာလည်း (၂၇၄)ဦး ရှိသည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က သတင်းထုတ်ပြန်ထားသည်။