တွေ့ဆုံဆွေးနွေးရေးသည် စစ်ကောင်စီအား သက်ဆိုးရှည်စေရန် အထောက်အပံ့ပေးသလိုသာဖြစ်ဟု NUG ဝန်ကြီးပြော

တွေ့ဆုံဆွေးနွေးရေးသည် စစ်ကောင်စီအား သက်ဆိုးရှည်စေရန် အထောက်အပံ့ပေးသလိုသာဖြစ်ဟု NUG ဝန်ကြီးပြော
သြဂုတ် 29, 2023 | 2021 Military Coup

 

စစ်ကောင်စီသည် စေ့စပ်ဆွေးနွေးရေးကို စိတ်ဝင်စားမှုမရှိခြင်းကြောင့် တွေ့ဆုံဆွေးနွေးရေးပြောဆိုနေခြင်းသည် စစ်ကောင်စီအား သက်ဆိုးရှည်စေရန် အထောက်အပံ့ပေးသလိုသာဖြစ်နေကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုလိုက်သည်။

ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၉)ရက်နေ့တွင် အွန်လိုင်းမှတဆင့်ပြုလုပ်သည့် NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေးဆိုင်ရာဆောင်ရွက်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များ သတင်းစာရှင်းလင်းပွဲတွင် သတင်းဌာနများ၏ မေးမြန်းချက်ကို ဝန်ကြီးက ယင်းသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

“သူတို့နည်း သူတို့ဟန်နဲ့ပဲ ရွေးကောက်ပွဲအကြောင်းပြပြီးတော့ ရွေးကောက်ပွဲတစ်ရပ်လုပ်မယ့်အရေးကို အာရုံစိုက်နေတာကို တွေ့ရတယ်။ အဲဒီတော့ ဒါတွေကိုကြည့်ခြင်းအားဖြင့် နိုင်ငံတကာ မေးမြန်းနေတဲ့ စိတ်ဝင်စားနေတဲ့ စေ့စပ်ဆွေးနွေးရေးကို စိတ်ဝင်စားမှုမရှိ၊ လိုက်လျောမှုမရှိဘူးဆိုတာ ပြသနေတာဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ကို အခုလို တွေ့ဆုံဆွေးနွေးရေးတစ်ခုတည်းကိုပဲ ဇောင်းပေးပြီးတော့ ပြောနေတာ တိုက်တွန်းနေတာက စစ်ကောင်စီကို အချိန်ပေးပြီးတော့ သူ့ရဲ့ဖိနှိပ်မှုတွေ ပိုမိုဆိုးရွားစေတယ်ဆိုတာကိုပဲ ဖြစ်စေတယ်။”ဟု ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး အာဆီယံ၏ ကြိုးစားမှု (၂)နှစ်တာကာလအတွင်း စစ်ကောင်စီက မည်ကဲ့သို့ တုန့်ပြန်ခဲ့သည်အားကြည့်ပါကသိနိုင်ပြီး ယင်းသို့တွေ့ဆုံဆွေးနွေးရေးကိစ္စကို ပြောဆိုနေခြင်းသည် စစ်ကောင်စီ သက်ဆိုးရှည်စေရန် အထောက်အပံ့ပေးနေသလိုဖြစ်နေသည်ဟု ဝန်ကြီးကပြောသည်။

“ဒီတွေ့ဆုံဆွေးနွေးမှုကို အယောင်ပြပြီးတော့မှပေါ့နော် သူသက်ဆိုးရှည်ဖို့ဘဲ လုပ်နေတဲ့ကိစ္စကို အထောက်အပံ့ လုပ်သလိုပဲဖြစ်နေမယ့် အခြေအနေမျိုးဖြစ်နေတယ်။ ဒီကိစ္စဟာ ကျွန်မအနေနဲ့ တွေ့ဆုံဆွေးနွေးရေးဟာ အခုအချိန်မှာပေါ့နော် ပြောဆိုရမယ့်ကိစ္စတစ်ခုမဟုတ်ဘူးလို့ဘဲ ကျွန်မတို့အနေနဲ့ မြင်မိပါတယ်။”ဟု ဝန်ကြီးက ဆက်ပြောသည်။

ထို့အပြင် တွေ့ဆုံဆွေးနွေးရေးဟု ပြောဆိုမည်ဆိုပါက အခြေအနေနှင့် အချိန်အခါအရပြောရမည့် အခြေအနေမဟုတ်သေးဘဲ လက်ရှိအချိန်တွင် ဖက်ဒရယ်ပဋိဉာဉ်တွင်ပါသည့် နွေဦးတော်ဦးတော်လှန်ရေး၏ ပန်းတိုင်အတိုင်း နိုင်ငံရေးအင်အားစုများ၊ သပိတ်အင်အားစုများ၊ တိုင်းရင်းသားအင်အားစုများနှင့် တစ်သံတည်း တစ်သဘောတည်းရှိမည့်အပေါ်မှာသာရပ်၍ တိုင်းပြည်၏ အနာဂတ်နှင့်ပတ်သက်ပြီး ညှိနှိုင်းသွားမည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၂)ရက်နေ့ကပြုလုပ်သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဇော်မင်းထွန်းက NUG၊ CRPH နှင့် PDFများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များကို မလုပ်တော့ကြောင်း ဝန်ခံချက်ပေးရန်နှင့် အကြမ်းဖက်လုပ်ရပ်များကိုရှုတ်ချသည့် ကမ္ဘာသိ ကြေညာချက်ကို ထုတ်ပြန်မှသာ တွေ့ဆုံဆွေးနွေးနိုင်မည်ဟု ပြောဆိုခဲ့သည်။  

အာဆီယံ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော ဘုံသဘောတူညီချက်(၅)ရပ်တွင် တွေ့ဆုံဆွေးနွေးရန်အချက် ပါဝင်ပြီး ယင်းမှာ သက်ဆိုင်သူများအကြား အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းသောနည်းလမ်းဖြင့် အဖြေရှာကြရန်ဟုပါရှိသည်။

#TachileikNewsAgency