မကွေး၊ မင်းလှနှင့် ပွင့်ဖြူမှ NLD လွှတ်တော်ကိုယ်စားလှယ်များ၏ နေအိမ်များကို အာဏာသိမ်းအဖွဲ့က ချိတ်ပိတ်

မကွေး၊ မင်းလှနှင့် ပွင့်ဖြူမှ NLD လွှတ်တော်ကိုယ်စားလှယ်များ၏ နေအိမ်များကို အာဏာသိမ်းအဖွဲ့က ချိတ်ပိတ်
By Tachileik News Agency

မကွေးတိုင်းဒေသကြီး၊ မကွေး၊ မင်းလှနှင့် ပွင့်ဖြူမြို့နယ်များမှ NLD ကိုယ်စားလှယ် (၃) ဦးတို့၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို အာဏာသိမ်းအဖွဲ့က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့တွင် ချိတ်ပိတ်လိုက်ကြကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုသန်း၏ မကွေးမြို့ရှိ မိဘများနေအိမ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ရဲထွဋ်ဇော်၏ မင်းလှမြို့ရှိနေအိမ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၏ ပွင့်ဖြူမြို့ရှိ နေအိမ်တို့ကို ယနေ့တွင် အာဏာသိမ်းအဖွဲ့က ချိတ်ပိတ်လိုက်ခြင်းဖြစ်သည်။

ဒါက နိုင်ငံ့အုပ်ချုပ်တဲ့သူဆို မလုပ်ဘူးပေါ့။ အခုက အုပ်ချုပ်တဲ့သူတွေမဟုတ်တော့ သူတို့က တရားဥပဒေမဏ္ဍိုင်ရော၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်တွေကို သူတို့လုပ်ချင်သလိုလုပ်၊ ချုပ်ကိုင်ချင်သလို ချုပ်ကိုင်ပြီးတော့ ထင်တိုင်းကြဲနေကြတာပေါ့။ မျှော့ကြိုးဥပဒေလိုပေါ့။ ပြည်သူတွေ၊ ကိုယ်စားလှယ်တွေ မလုပ်ရဲအောင် ခြိမ်းခြောက်တဲ့လုပ်ရပ်တွေဖြစ်တယ်လို့ ပြောချင်တယ်

ဟု နေအိမ်ချိတ်ပိတ်ခံရသည့်အပြင် ဇနီးဖြစ်သူကိုပါ ဖမ်းဆီးခံထားရသည့် NLD ကိုယ်စားလှယ္ ဦးထွန်းထွန်းက Tachileik News Agency သို့ ပြောသည်။

အာဏာသိမ်းမှုကို ပြည်သူများဆန့်ကျင်နေမှုနှင့် ရင်ဆိုင်နေရသည့် အာဏာသိမ်းအဖွဲ့က NLD ကိုယ်စားလှယ်များ၊ ပါတီဝင်များအပါအဝင် ပြည်သူများကို အကြောင်းအမျိုးမျိုးဖြင့်စွပ်စွဲကာ ဖမ်းဆီးနေရာမှ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို ချိတ်ပိတ်ခြင်းများကိုပါ ထပ်တိုး လုပ်လာကြသည်ကို တွေ့လာရခြင်းဖြစ်သည်။ 

ပြည်သူနဲ့တိုင်းပြည် အကျိုးအတွက် အသက်ကိုတောင် ပေးလှုဖို့ ဆုံးဖြတ်ထားပြီးသား လူတစ်ယောက် အတွက် ကျန်တဲ့ကိစ္စတွေက အသေးအဖွဲပါ။ အရင်တစ်ခါက ပြောဖူးပါတယ်။ လုပ် ရဲ ရင် ခံ ရဲရမယ်။ ပြည်သူ့အောင်ပွဲ ရတဲ့အချိန်ကျမှ အထက်အမိန့်အရမို့ပါလို့ မပြောကြေး။ အလှည့်ကျရင်တော့ မနွဲ့စတမ်းပေါ့။ အာဏာရူး မင်းအောင်လှိုင်နဲ့ လက်ပါးစေ လူယုတ်မာတစ်စု မည်မျှ ယုတ်မာသည်ဖြစ်စေ ပြည်သူနဲ့ တိုင်းပြည်အကျိုးအတွက် ပြည်သူ့အောင်ပွဲရသည်အထိဖြောင့်မတ်တည်ကြည်သော ဇွဲ ၊ လုံ့လ အပြည့်နဲ့ ကျွန်တော် ဆက်လက်ကြိုးစားသွားမှာပါ

ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာရဲထွဋ်ဇော်က နေအိမ်ချိတ်ပိတ်ခံရပြီးနောက် လူမှုကွန်ယက်တွင် ရေးသားလာသည်ကို တွေ့ရသည်။

အာဏာသိမ်းအဖွဲ့က ဖမ်းဝရမ်းထုတ်ခံထားရ၍ ရှောင်တိမ်းနေကြသည့် NLD ကိုယ်စားလှယ်များအပါအဝင် ပြည်သူများ၏ နေအိမ်ပိုင်ဆိုင်မှုများကို ချိတ်ပိတ်နေခြင်းမှာ PDF ကြောင့် အထိနာနေ၍ လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ဦးထွန်းထွန်းက မှတ်ချက်ပြုသည်။

အဓိကက ဒီကိုယ်စားလှယ်တွေက ကိုယ်စားလှယ်ဟောင်းတွေက NLD ပါတီဝင်တွေက PDF တွေနဲ့ ဆက်သွယ်တယ်၊ ပတ်သက်နေတယ်ဆိုပြီးတော့ သူတို့ချိတ်ပိတ်တယ်ဆိုပြီးတော့ ပြောပါတယ်။ ဒါက အစောကြီးကတည်းက ဖမ်းဝရမ်းကလည်း (၃)လပိုင်းကတည်းက ထုတ်ထားတာလေ။ ၅၀၅ က နဲ့ ဖမ်းဝရမ်းထုတ်ထားတယ်။ ထုတ်ထားလို့ တိမ်းရှောင်နေရတာကို PDF နဲ့ဆက်သွယ်တယ် အကြောင်းပြချက်နဲ့ သူတို့က နေအိမ်ကို ချိတ်ပိတ်တယ်ပေါ့နော်။ ပထမ (၄) လပိုင်းတုန်းက ဖမ်းဝရမ်းနဲ့ လာဖမ်းတယ်။ ဖမ်းလို့မမိတော့ အမျိုးသမီးကို ဖမ်းသွားတယ်။ အမျိုးသမီးကိုလည်း ၅၀၅ ဆိုပြီးတော့ သူတို့ဖမ်းလိုက်တယ်။ အခုလည်း ထပ်ပြီးတော့ လူက အိမ်ကိုပြန်မကပ်၊ ရွာကို ပြန်မကပ်တော့ PDF နဲ့ဆက်သွယ်တယ်ဆိုပြီးတော့ မတရား ဂွင်ဆင်ပြီး လူတစ်ယောက် ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို အဓမ္မနည်းနဲ့ သိမ်းဆည်းတာ။

ဟု NLD ကိုယ်စားလှယ်  ဦးထွန်းထွန်းက ပြောသည်။

ယနေ့ အာဏာသိမ်းအဖွဲ့က ချိတ်ပိတ်လိုက်သည့် မကွေးမြို့မှ နေအိမ်မှာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုသန်း၏နေအိမ်မဟုတ်ဘဲ မိဘများ၏နေအိမ်ဖြစ်ကြောင်း သိရသည်။

နေအိမ်ချိတ်ပိတ်ခံရသည့် အမတ်ဟောင်း ဦးထွန်းထွန်းကို ဖမ်းမမိသည့် အာဏာသိမ်းအဖွဲ့က ဦီးထွန်းထွန်း၏ဇနီးဖြစ်သူ ဒေါ်ကေသီမိုးကို ဧပြီလ (၂၇) ရက်နေ့ကတည်းက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။