အာဏာသိမ်းစစ်ကောင်စီနှင့်ပေါင်း၍ ကိုယ်ကျိုးရှာနေသူများကို AA က ထပ်မံ၍ ပြင်းပြင်းထန်ထန် သတိပေး

 AA ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ
AA ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ
အာဏာသိမ်းစစ်ကောင်စီနှင့်ပေါင်း၍ ကိုယ်ကျိုးရှာနေသူများကို AA က ထပ်မံ၍ ပြင်းပြင်းထန်ထန် သတိပေး
By Tachileik News Agency

အာဏာသိမ်းစစ်ကောင်စီနှင့်ပေါင်းကာ ကိုယ်ကျိုးရှာနေသူများ၊ လက်ကိုင်တုတ်များနှင့် ရခိုင်ပြည်သူများကို ဒုက္ခပေးနေသူများကို ရက္ခိတလမ်းစဉ်နှင့်အညီ လိုအပ်သည့်အတိုင်း ကိုင်တွယ်သွားမည်ဟု ရက္ခိုင့်တပ်တော် (AA)က ထပ်မံ၍ ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။

ယနေ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်နေ့တွင်ပြုလုပ်သည့် ULA/AA ၏ စတုတ္ထအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် AA ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ယင်းသို့ပြောကြားလိုက်ခြင်းဖြစ်ပြီး ယခင်ကလည်း အလားတူ သတိပေးခဲ့သည်ကိုလည်း တွေ့ရသည်။

စစ်ကောင်စီရဲ့ ရခိုင်ပြည်အစိုးရထဲမှာပါတဲ့ ဝန်ကြီးတွေအနေနဲ့ အာဏာပါဝါ လုပ်ပိုင်ခွင့်နဲ့ပဲ သာယာပြီး စစ်ကောင်စီအလိုကျ ပြည်သူလူထုကို ဆက်လက် ဒုက္ခပေးနေမယ်ဆိုရင် အခြေအနေ၏လိုအပ်ချက်၊ တော်လှန်ရေးလိုအပ်ချက်၊ ပြည်သူ့လုံခြုံရေးလိုအပ်ချက်အရ ရက္ခိတလမ်းစဉ်နဲ့အညီ လိုအပ်တဲ့အတိုင်း ကိုင်တွယ်သွားဖို့ဆိုတာကို အရင်ကလည်း သတိပေးခဲ့ပြီးဖြစ်ပြီး အခုထပ်လို့ စစ်ကောင်စီ လက်ကိုင်တုတ်တွေကို ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား သတိပေးတယ်။

ဟု ဦးခိုင်သုခက ပြောကြားလိုက်သည်။

ယင်းအပြင် စစ်ကောင်စီနှင့်ပေါင်းနေသည့် နိုင်ငံရေးသမား၊ လူပုဂ္ဂိုလ်များကိုလည်း AA က စောင့်ကြည့်နေပြီး ရခိုင်ပြည်သူလူထု လုံခြုံရေးနှင့် ဘဝဖြစ်ပေါ်တိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးနေသူများ၊ အထူးသဖြင့် ရက္ခိတလမ်းစဉ်ကို အနှောင့်အယှက်ပေးနေသူများကို လိုအပ်လျှင် လိုအပ်သလို ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ရခိုင်လူမျိုးဆိုပေမဲ့လည်း ရန်သူရဲ့ထောက်တိုင်၊ ရန်သူအလုပ်ကို သူ့အနေနဲ့ လုပ်နေတယ်။ အထူးသဖြင့် ကျွန်တော်တို့ ပြည်သူလူထုတွေကို ဖိနှိပ်သတ်ဖြတ်တယ်။ ရန်သူရဲ့အဓိကယန္တရားထဲမှာ ပါဝင်နေတယ်ဆိုရင် ရန်သူ့လက်နက်ကိုင်အဖွဲအစည်းထဲက ရခိုင်လူမျိုးပဲဖြစ်ဖြစ်၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ လိုအပ်ရင် လိုအပ်သလို ဖမ်းဆီးထိန်းသိမ်းရဖို့ဖြစ်ပါတယ်။

ဟု ဦးခိုင်သုခက ပြောသည်။

 ရခိုင်ပြည်သူလူထုကို မတရားဖိနှိပ်၊ ဖမ်းဆီး၊ ညှင်းဆဲသတ်ဖြတ်နေခြင်းများအား ကာကွယ်ရန်အတွက် ပြည်သူလူထုလုံခြုံရေးအတွက် အရေးယူဆောင်ရွက်မည်ဟု သိရသည်။

#TachileikNewsAgency