ဖိလစ်ပိုင်တွင် ရစ်ချ်တာစကေး (၇.၁) အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ပြီး လူ(၆၀)ကျော် ဒဏ်ရာ ရကာ အနည်းဆုံး လူ (၄) ဦး သေဆုံး

ဖိလစ်ပိုင်တွင် ရစ်ချ်တာစကေး (၇.၁) အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ပြီး လူ(၆၀)ကျော် ဒဏ်ရာ ရကာ အနည်းဆုံး လူ (၄) ဦး သေဆုံး
ဇူလိုင် 27, 2022 | နိုင်ငံတကာသတင်း
By Mr John



ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း လူဇွန်ကျွန်းတွင် ဇူလိုင်လ (၂၇) ရက်နေ့ နံနက်အစောပိုင်းက ပြင်းအား ရစ်ချ်တာစကေး (၇.၁) အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ (၄) ဦး သေဆုံးပြီး အဆောက်အအုံများ ပျက်စီးခဲ့ကြောင်းနှင့် မနီလာ မြို့ တော်တစ်လျှောက် ပြင်းထန်သည့် လှုပ်ခါမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ငလျင်ကြောင့် Benguet ပြည်နယ်တွင် လူ (၂) ဦး၊ Abra ပြည်နယ်တွင် လူတစ်ဦးနှင့် နောက်ထပ်ပြည်နယ်တစ်ခုတွင် လူတစ်ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Benjamin Abalos က သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။



ငလျင်လှုပ်မှုအတွင်း လူ (၆၀) ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

U.S. Geological Survey ၏ အချက်အလက်များအရ ငလျင်မှာ Dolores မြို့၏ အရှေ့တောင်ဘက် (၆) မိုင်အကွာ မြေအောက်အနက် (၆) မိုင်တွင် ဗဟိုပြုလှုပ်ခတ်ခဲ့သည်ဟု ဆိုသည်။

"ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု ဝမ်းနည်းစရာသတင်းတွေရှိပေမဲ့လည်း ငလျင်ဒဏ်သင့်ပြီး အကူအညီလိုအပ်နေသူတွေကို ကူညီဖို့ အလျင်အမြန် ဆောင်ရွက်မယ်လို့ အာမခံပါတယ်" ဟု ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက Facebook တွင် ပြောထားသည်။



ငလျင်လှုပ်ခတ်မှုကြောင့် Abra ပြည်နယ်တွင် အဆောက်အအုံ (၁၇၃) လုံး ပျက်စီးခဲ့ပြီး မြေပြိုကျမှု (၅၈) ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ငလျင်လှုပ်မှုအတွင်း ဒဏ်ရာရမှု (၆၀)ဦီးအနက် (၄၄)ဦးမှာ Abra ပြည်နယ်တွင်ဖြစ်သည်။

ထိုပြည်နယ်အတွင်းရှိ ဆေးရုံတစ်ရုံမှာ ငလျင်ကြောင့် တစ်စိတ်တစ်ပိုင်း ပြိုကျသွားခဲ့ပြီးနောက် ရွှေ့ပြောင်းမှုများ လုပ်ဆောင်ခဲ့ရကြောင်း၊ သို့သော် သေဆုံးဒဏ်ရာရမှုမရှိခဲ့ဟု အစိုးရတာဝန်ရှိသူများက ဆိုသည်။



Abra ပြည်နယ်မှာ ဖိလစ်ပိုင်မြောက်ပိုင်းတွင်ရှိပြီး ကုန်းတွင်ပိတ်ပြည်နယ်တစ်ခု ဖြစ်သည်။ ထိုပြည်နယ်အတွင်း နက်ရှိုင်းသည့် လျှိုမြောင်ချိုင့်ဝှမ်းများနှင့် မတ်စောက်သည့် တောင်စောင်းများကို တောင်တန်းများ ပတ်လည်ကာရံထားသည်။

ဇူလိုင်လ (၂၇) ရက်နေ့က ရစ်ချ်တာစကေး (၇.၁) အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ရစ်ချ်တာစကေး (၄.၇) မှ (၅.၂) အကြားရှိ နောက်ဆက်တွဲငလျင်များလည်း ထပ်မံလှုပ်ခဲ့သေးကြောင်း သိရသည်။ 



ငလျင်လှုပ်မှုကို ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာတွင်လည်း ခံစားသိရှိခဲ့ကြရပြီး အဆောက်အအုံများမှ ရွှေ့ပြောင်းမှုများရှိခဲ့သည်။

 

မနီလာရှိ အဆောက်အအုံတစ်ခု၏ အထပ် (၃၀) မှ လူအချို့ ထွက်ပြေးခဲ့ကြရပြီး မြို့တော်၏ မြေအောက်ရထားစနစ်မှာ အသွားအလာများပြားချိန်တွင် ရပ်တန့်ခဲ့ရသည်။



ဖိလစ်ပိုင်နိုင်ငံမှာ ပစိဖိတ်မီးကွင်း Ring of Fire ဟု ခေါ်ဝေါ်ကြသည့် မီးတောင်ပေါများပြီး ငလျင်လှုပ်မှုများ ဖြစ်လေ့ရှိသည့်နေရာတွင် တည်ရှိနေသည်။



ဖိလစ်ပိုင်တွင် ငလျင်လှုပ်မှုများ မကြာခဏ ဖြစ်ပေါ်တတ်သလို ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် တိုင်ဖွန်းမုန်တိုင်း အကြိမ် (၂၀) ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး သဘာဝဘေးအန္တရာယ်ကြောင့် လူသေဆုံးမှုများရှိနေခဲ့သည်။



Source: reuters

Photo: Public Information Service-Bureau of Fire Protection