"စစ်တပ် အာဏာသိမ်းသည်" ဆိုသည့် စကားလုံးကို ၎င်း၏ လက်ထက်တွင် စစ်တပ်အဘိဓာန်မှ ဖယ်ရှားထားကြောင်း ထိုင်းကာချုပ် ပြော

"စစ်တပ် အာဏာသိမ်းသည်" ဆိုသည့် စကားလုံးကို ၎င်း၏ လက်ထက်တွင် စစ်တပ်အဘိဓာန်မှ ဖယ်ရှားထားကြောင်း ထိုင်းကာချုပ် ပြော
By Mr John

ရွေးကောက်ပွဲ မကြာမီ ကျင်းပတော့မည့် ထိုင်းနိုင်ငံတွင် နိုင်ငံရေး ကသောင်းကနင်းဖြစ်မှု ရှိလာပါက စစ်တပ်က နောက်တစ်ကြိမ် ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟု အာမ မခံနိုင်ကြောင်း ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး  Narongpan Jitkaewthae က သတင်းထောက်များကို ၂၀၂၃ခုနှစ် ‌မေလ (၁၁) ရက်နေ့တွင် ပြောသည်။  

 

"ကျွန်တော် အာမ မခံနိုင်ဘူး။ ဆိုလိုတာက နိုင်ငံဟာ အစီအစဉ်တကျ ဖြစ်လား မဖြစ်ဘူးလား ကျွန်တော်တို့ စဉ်းစားရမယ်။ ဘက်အားလုံးက ပူးပေါင်းဆောင်ရွက်ရမယ်" ဟု ၎င်းက ဆိုသည်။ 

 

စစ်တပ်က အာဏာသိမ်း မသိမ်း သတင်းထောက်များက ပို၍ အတိအကျ မေးမြန်းခဲ့ရာ ဗိုလ်ချုပ်ကြီး Narongpan က စစ်တပ်အာဏာသိမ်းမှုအကြောင်း ပြောဆိုနေမှု ရပ်သင့်သည်ဟု သတင်းထောက်များကို အကြိမ်များစွာ ပြောထားခဲ့ကြောင်း တုံ့ပြန်ခဲ့ပြီး ထိုသို့ ပြောဆို‌နေမှုက သဘောထားကွဲလွဲသည့် အတွေးအခေါ်များကို ဖြစ်စေ‌သည်ဟု ဆိုသည်။ 

 

"စစ်တပ်အာဏာသိမ်းသည်" ဆိုသည့် စကားလုံးကို မသုံးသင့်ကြောင်း ဗိုလ်ချုပ်ကြီးက သတင်းထောက်များကို ပြောခဲ့ရာ သတင်းထောက်များက ထိုစကားလုံးကို စစ်တပ်က ဖယ်ရှားလိုက်ပြီလားဟု ပြန်မေးခဲ့သည်။  

 

"စစ်တပ်အာဏာသိမ်းသည်" ဆိုသည့် စကားလုံးကို ၎င်း၏ လက်ထက်တွင် စစ်တပ်၏ အဘိဓာန်မှ ဖယ်ရှားထားသည်ဟု တုန့်ပြန်ခဲ့သည့် ဗိုလ်ချုပ်ကြီး Narongpan မှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့တွင် အငြိမ်းစားယူမည် ဖြစ်သည်။ 

ထိုင်းရွေးကောက်ပွဲအပြီး နောက်တက်မည့်အစိုးရကို Move Forward ပါတီက ဦးဆောင်ပါဝင်လာပါက စစ်တပ်အာဏာသိမ်းမှု ဖြစ်လာနိုင်ကြောင်း ခန့်မှန်းမှုများ တိုးလာနေစဉ် ထိုင်းစစ်တပ် အကြီးအကဲ၏ မှတ်ချက်ပေး ပြောကြားမှု ရှိလာခြင်းဖြစ်သည်။ 

လူငယ်များ ဦးဆောင်သည့် Move Forward ပါတီက ဘုရင်စနစ်ကိုစော်ကားမှုဆိုင်ရာ ဥပဒေနှင့် မဖြစ်မနေ စစ်မှုထမ်းရမှုကို  အဆုံးသတ်ရန် လိုလားနေရာ ထိုပါတီအနေဖြင့် အစိုးရအဖွဲ့တွင် ဦးဆောင်ပါဝင်လာပါက စစ်တပ်က အာဏာသိမ်းလိမ့်မည်ဟု ခန့်မှန်းနေကြသည်။ 

ဗိုလ်ချုပ်ကြီး Narongpan ကမူ အစိုးရအဖွဲ့တွင် မည်သူက အာဏာရှိသူဖြစ်ဖြစ် စစ်မှု မထမ်းမနေရ အပါအဝင် ၎င်းတို့၏ မူဝါဒများကို တွန်းအားပေးသွားမည်ဟု ဆိုသည်။

 "စစ်သားတွေ ဆွေးနွေးရမယ့် ကိစ္စ‌တွေရှိတယ်။ သဘောတူသူတွေ သဘောမတူသူတွေရှိတယ်။ ဒါက ပုံမှန်ပဲ" ဟု ထိုင်းစစ်တပ် အကြီးအကဲက ပြောသည်။ 

 

စစ်တပ်က နောက်တစ်ကြိမ် ဝင်ရောက်စွက်ဖက်မှုကို ဦးတည်သည့် နိုင်ငံရေး ကသောင်းကနင်းဖြစ်မှု ရှိလာမည်ကို စိုးရိမ်ပူပန်ခြင်းရှိ မရှိ သတင်းထောက်များက မေးမြန်းခဲ့ရာ စစ်တပ်အကြီးအကဲက "ကျွန်တော် မစိုးရိမ်ပါဘူး။ ဘာလို့လဲဆိုတော့  အတိတ်မှာ ကျွန်တော်တို့ သင်ခန်းစာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒီမိုကရေစီစနစ်အောက်က နိုင်ငံရေးက ရှေ့ဆက်ရမှာပါ။ ဒါပေမဲ့ လူတိုင်းက သတိရှိရမှာဖြစ်ပြီး နိုင်ငံအတွက် ဘာက မသင့်တော်ဘူးလဲဆိုတာ သိရမယ်။ နိုင်ငံက ငြိမ်ချမ်းဖို့ လိုပါတယ်" ဟု ဗိုလ်ချုပ်ကြီး Narongpan က တုံ့ပြန်ဖြေကြားခဲ့သည်။ 

အိမ်နီးချင်းမြန်မာနိုင်ငံတွင်မူ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်ခံမည်ဟု သတင်းမီဒီယာများမှတစ်ဆင့် လူသိရှင်ကြားဖြေကြားခဲ့သည့် မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NLD ပါတီအနိုင်ရသည့် ရွေးကောက်ပွဲရလဒ်ထွက်လာချိန်တွင် မဲလိမ်သည်ဟု အကြောင်းပြကာ အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။

 

Source: Khaosod