ထိုင်းနိုင်ငံတွင် တိုင်ကြားမှုများပြားလာ ပြီးနောက် အစိုးရက ဆေးခြောက်သုံးစွဲမှုကို ကန့်သတ်

ထိုင်းနိုင်ငံတွင် တိုင်ကြားမှုများပြားလာ ပြီးနောက် အစိုးရက ဆေးခြောက်သုံးစွဲမှုကို ကန့်သတ်
By Mr John

ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို ဇွန်လ (၉) ရက်နေ့မှစ၍ တရားဝင်ခွင့်ပြုခဲ့ပြီးနောက် တိုင်ကြားမှုအများအပြားရှိလာခဲ့ရာ အစိုးရက ဆေးခြောက်နှင့် ဆေးခြောက်နွယ်ဝင် လျှော်ပင်ကို အနည်းဆုံး အသက် (၂၀) ပြည့်ပြီးသူများ အတွက်သာဖြစ်ကြောင်း စည်းမျဥ်းသစ်ထုတ်ပြန် ကန့်သတ်လိုက်သည်။

ဇွန်လ (၁၆) ရက်နေ့တွင် ဒုဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည့် စည်းမျဥ်းများအရ ဆေးခြောက်နှင့် ဆေးခြောက်နွယ်ဝင် လျှော်ပင်ကို ထိန်းချုပ်အပင်များအဖြစ် သတ်မှတ်ရန်ဖြစ်ကြောင်း သိရသည်။

ထိုင်းအစိုးရ၏ စည်းမျဥ်းသစ်အရ အသက် (၂၀) နှစ်အောက် လူငယ်များအတွက် ဆေးခြောက်နွယ်ဝင်များဖြစ်သည့် ထိုအပင် (၂) မျိုးလုံးကို ဆရာဝန်များ၏ ခွင့်ပြုချက်မရှိပါက ပိုင်ဆိုင်ခွင့်နှင့် သုံးစွဲခွင့်ပြုမည် မဟုတ်ဟု ဆိုသည်။ 

ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာသုံးအတွက် တရားဝင်ခွင့်ပြုခဲ့ပြီးနောက် ယခုသီတင်းပတ်အတွင်း အသက် (၁၆) နှစ်နှင့် (၁၇) နှစ် ကျောင်းသားအရွယ်များ အပါအဝင် အမျိုးသား (၄) ဦး ဆေးခြောက် အလွန်အကျွံသုံးပြီး ဘန်ကောက်မြို့ရှိ ဆေးရုံများသို့ ရောက်ခဲ့ကြသည့် သတင်းများထွက်လာ ပြီးနောက် အစိုးရက ယခုစည်းမျဥ်းသစ်ကို ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။ 

ထိုအမျိုးသား (၄) ဦးအနက် အသက် (၅၁) နှစ်အရွယ်ရှိသူ သေဆုံးသွားခဲ့သည်။

ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ Bangkok Metropolitan Administration (BMA) ကလည်း စာသင်ကျောင်းများတွင် ဆေးခြာက်ကို တားမြစ်ပိတ်ပင်ရန် စီစဥ်ထားသည်ဟု ဆိုသည်။ 

BMA က ကျောင်းသူ/ကျောင်းသားများနှင့် ဆရာ/ဆရာမများကို ဆေးခြောက်နှင့် ပတ်သက်၍ ပညာပေးအစီအစဥ်များ ဆောင်ရွက်သွားမည်ဟု ဘန်ကောက်မြို့တော်ဝန် Chadchart Sittipunt က ဆိုသည်။

ထိုင်းအစိုးရက အများပြည်သူကြား ဆေးခြောက်သုံးစွဲမှုကို ကန့်သတ်ရန် သို့မဟုတ် တားမြစ်ရန်နှင့် အစားအစာများတွင် ဆေးခြောက်ထည့်ခြင်းကို ထိန်းချုပ်ရန်လည်း စည်းမျဥ်းများ ထုတ်ပြန်သွားမည် ဖြစ်သည်။ 

သက်ဆိုင်ရာ အရာရှိများက ဆေးခြောက်ကို အလွဲသုံးမှု ထိန်းချုပ်ရန်နှင့် တားဆီးရန် ထိုစည်းမျဥ်းများကို အသုံးပြုသွားမည်ဟု Anutin က ပြောသည်။

ထိုင်းနိုင်ငံ Department of Thai Traditional and Alternative Medicine က အဆိုပြုခဲ့သည့် စည်းမျဥ်းများအရ ပညာရေးဆိုင်ရာအဖွဲ့အစည်းများ၊ စတိုးဆိုင်များနှင့် အစိုးရဌာနများကဲ့သို့ အများပြည်သူဆိုင်ရာ နေရာများတွင် ဆေးခြောက်သုံးခြင်းကို တားမြစ်ပိတ်ပင်ရန်နှင့် ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမွေးဖွားပြီးချိန်တွင်လည်း ဆေးခြောက်သုံးခြင်းကို တားမြစ်ပိတ်ပင်ရန် ပါဝင်ကြောင်း သိရသည်။

"ဆေးခြောက်ရဲ့ အဖူးကို အသုံးပြုမှု အထူးသဖြင့် အစားအစာထဲမှာ ထည့်သွင်းအသုံးပြုတာကို ဖော်ပြမထားပါဘူး။ ကျွန်တော်တို့မှာ THC (tetrahydrocannabinol) ပါဝင်မှုဆိုင်ရာ ဥပဒေ ရှိပါတယ်" ဟု ဝန်ကြီးက ပြောသည်။ 

ဥပဒေအရ ဆေးခြောက်တွင်ပါဝင်သော မူးယစ်စေသည့် THC (tetrahydrocannabinol) ပမာဏ အလေးချိန်အားဖြင့် (၀.၂) ရာခိုင်နှုန်း သို့မဟုတ် ထိုထက်လျော့နည်းရမည် ဖြစ်သည်။ 

THC ပမာဏ ထိုရာခိုင်နှုန်းထက် ပိုများသော ဆေးခြောက် သို့မဟုတ် ဆေးခြောက်အစေ့နှင့် အဆီတို့မှာ တရားဝင် မဟုတ်သေးကြောင်း သိရသည်။

ဆေးခြောက်ဆိုင်ရာ စည်းမျဥ်းများအရ ဆေးခြောက်ဆေးလိပ်သောက်ရာမှ ထွက်လာသည့်အခိုးအငွေ့ကို အနှောင့်အယှက်အဖြစ် ယူဆကြောင်းလည်း ဝန်ကြီး Anutin က ပြောသည်။ 

ထိုင်းနိုင်ငံတွင် ကျန်းမာရေးဌာနက ချက်ပြုတ်ရာတွင် ဆေးခြောက်အသုံးပြုမှုဆိုင်ရာ လမ်းညွှန်ချက်များ ထုတ်ပြန်ခဲ့သည်။ 

ထိုလမ်းညွှန်ချက်များတွင် ဆေးခြောက်ပါဝင်သည့် အစားအစာကို တစ်နေ့လျှင် နှစ်ကြိမ်ထက် ပို မစားသုံးသင့်ကြောင်း ပြောထားသည်။ 

ဆေးခြောက် အလွန်အကျွံသုံးခြင်းက ဦးနှောက်ကို ထိခိုက်ပျက်စီးစေနိုင်ပြီး ကလေးငယ်များတွင် ဆေးခြောက်သုံးခြင်းက ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ကြောင်းလည်း ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်တွင် ဖော်ပြထားသည်။

Source: Bloomberg