တောင်ငူမြို့နယ်အတွင်း မြာကျေးရွာတွင် ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဒေသခံ(၂၀၀)ကျော်အတွက် စားစရာများ ပြတ်လပ်နေ၍ အကူအညီများ လိုအပ်နေ

တောင်ငူမြို့နယ်အတွင်း မြာကျေးရွာတွင် ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဒေသခံ(၂၀၀)ကျော်အတွက် စားစရာများ ပြတ်လပ်နေ၍ အကူအညီများ လိုအပ်နေ
ဧပြီ 30, 2022 | အခြားဒေသများ

 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ၀က်ခေါက်စိန်ကျေးရွာအုပ်စု၊ မြာ‌ကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်ရောက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာတွင်းနေ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင် စစ်ဘေးရှောင် ပြည်သူ(၂၀၀)ကျော်အတွက် အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

စစ်ဘေးရှောင်ပြည်သူ (၂၀၀)ကျော်အတွက် လက်ရှိတွင် အစားအသောက်များ ပြတ်လပ်နေခြင်းကြောင့် စေတနာရှင်များအနေဖြင့် ရေတာရှည်မြို့နယ်သတင်းထုတ်ပြန်ရေးအဖွဲ့( Yedashae Township Informations )၏ Facebook Message ကနေ ဖြစ်စေ Telegram ( https://t.me/Tawhlanya ) ကနေ ဖြစ်စေ ဆက်သွယ်ပြီး လှူဒါန်းပေးနိုင်ကြောင်း ယနေ့ ၂၀၂၂ခုနှစ် ဧပြီလ(၃၀)ရက်နေ့တွင် အသိပေးကာ အကူအညီတောင်းခံထားရှိသည်။

"ရွာကို PDF တွေရှိတယ်။ PDF ရွာဆိုပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာ။ အသက်ကြီးသူရော၊ ကလေးငယ်တွေရော စိုးရိမ်တွေနဲ့ ပြေးနေကြရတယ်။ ရုတ်တရက် ဖြစ်လာတဲ့ကိစ္စဆိုတော့ ရိက္ခာလည်း အပြည့်အစုံ မပါဘူး။ သယ်မိသယ်ရာပဲ သယ်လာကြတာ အခု သူတို့ဖို့  ဆန်၊ ဆီ၊ ဆားအတွက် အကူအညီတွေ အရေးပေါ်လိုနေတယ်။"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

 စစ်ကောင်စီတပ်သည် မြာကျေးရွာတွင် PDF များ ရှိသည်ဟုဆိုကာ ၂၀၂၂ခုနှစ် ဧပြီလ(၂၉)ရက်နေ့က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သည့်အပြင် ကျေးရွာတွင် ဝင်ရောက်အကြမ်းဖက်ပြီး ဖမ်းဆီးမှုများ လုပ်ဆောင်သည့်အတွက် ကျေးရွာတွင်းနေ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ အပါအဝင် ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။