ကောလင်းတွင် KTV ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို PDF တပ်က ဝင်ပစ်

ကောလင်းတွင် KTV ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို PDF တပ်က ဝင်ပစ်
စက်တင်ဘာ 18, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကောလင်းမြို့အတွင်းရှိ KTV တစ်ခုတွင် ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၇)ရက်နေ့ နေ့လယ်ပိုင်းက ကောလင်းခရိုင် ပကဖ တပ်ရင်း(၁)က ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးသူရှိကြောင်း သိရသည်။

KTVတွင် ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ကောလင်းခရိုင် တပ်ရင်း(၁)က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိတစ်ဦးနှင့် တပ်ဖွဲ့ဝင်(၇)ဦး သေဆုံးသည်ဟု ယနေ့ စက်တင်ဘာလ (၁၈)ရက်နေ့တွင် စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းဖော်ပြထားသည်။ 

ပစ်ခတ်မှုအတွင်း ကောလင်းခရိုင် ပကဖမှ ရဲဘော်တစ်ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လက်နက်ခဲယမ်းရရှိခဲ့မှု ရှိ၊ မရှိကို Tachileik News Agencyက ကောလင်းခရိုင် ပကဖထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။ 

ဒေသခံတချို့၏ ပြောကြားချက်အရ ကောလင်းမြို့အရှေ့ဘက် ငပွေးလေးရပ်ကွက်ရှိ ရွှေအိမ်မက် KTVတွင် ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်သံများကို (၂)နာရီဝန်းကျင်ကြာ ကြားခဲ့ရသည်ဟု ဆိုသည်။

“ပစ်ခတ်သံတွေတော့ကြားတယ်။ ပစ်ခတ်ရင် ဒေသခံတွေက အပြင်ထွက်ကြည့်ရဲတာမျိုးမဟုတ်တော့ စစ်ကောင်စီတပ်သားတွေ သေဆုံးတာကိုတော့ အတည်မပြုနိုင်ဘူး။ တဆင့်စကား တဆင့်ကြားပြီး ပြောနေတာတွေကလည်း အတည်မပြုနိုင်ဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကို ပြောသည်။

ကောလင်းမြို့သတင်းများကို ဖော်ပြနေသည့် Kawlin Infoကမူ ယမန်နေ့ ည(၉)နာရီကလည်း စစ်ကောင်စီတပ်ဖွဲ့များ အထိုင်ချထားသော မြို့တွင်းနေရာများအား ကောလင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်များက ၀င်ရောက်ပစ်ခတ်ခဲ့သည်သည်ဟု ဖော်ပြထားသည်။

ထို့အပြင် ကောလင်းမြို့အတွင်း လက်နက်ကြီး၊ လက်နက်ငယ်သံများ ကြားနေရပြီး ထွေအုပ်ရုံးနှင့် ရဲစခန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် အချက်(၃၀)ခန့် ပစ်ခတ်နေခဲ့သည်ဟုလည်း ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့က အင်အား(၅၀)ဝန်းကျင်ဖြင့် ကောလင်းမြို့ ကျော်ဇေယျာရပ် မြောက်ပိုင်း ဘုန်းတော်ကြီးကျောင်းအတွင်းတွင် ဝင်ရောက်တပ်စွဲနေကြောင်း သိရသည်။

#TachileikNewsAgency